မန်စီးတီးအသင်း ချန်ပီယံလိဂ်မှာ မအောင်မြင်တာဟာ ဂွာဒီယိုလာရဲ့ အသင်းမှာ ကိုယ်ရည်ကိုယ်သွေးတွေ မရှိတာကြောင့်လို့ ဝေဖန်ခဲ့တဲ့ အီဗရာဟာ စီးတီးနည်းပြထံက တုန့်ပြန်မှု ရခဲ့ပြီဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်တာကြောင့် စီးတီးက ကိုယ်ရည်ကိုယ်သွေး မရှိဘူး ပြောရအောင် ၂၀၀၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ဘာစီလိုနာကို ယူနိုက်တက်တို့ အရေးနိမ့်ခဲ့တုန်းက အီဗရာတို့လည်း ဘာကိုယ်ရည်ကိုယ်သွေးမှ မထုတ်ပြနိုင်ခဲ့ဘူးလို့ ဂွာဒီယိုလာက တုန့်ပြန်ခဲ့တာပါ။ ၂၀၁၁ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ဘာစီလိုနာဟာ ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ယူခဲ့သေးတာဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာ ယူနိုက်တက် ကစားသမားဟောင်းတွေနဲ့ ဂွာဒီယိုလာကြား အပြန်အလှန် တုန့်ပြန်မှုတွေ ဖြစ်နေပြီး ဘာဘာတော့ဗ်ကလည်း ဘာနေဗျူးမှာ မန်စီးတီးရဲ့ အာရုံစူးစိုက်မှုကို ဝေဖန်ခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့် အီဗရာရော၊ ကာရေဂါကောက သူ့အသင်းကို ရှုံးခဲ့ဖူးသူတွေပါလို့ ဂွာဒီယိုလာက သတိပေးခဲ့တယ်။

‘ ဘယ်လို ကိုယ်ရည်ကိုယ်သွေးမှ မထုတ်နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ၁ မိနစ်အတွင်း ၂ ဂိုးပေးလိုက်ရတာလေ။ နောက်ဆုံး ၄ ပွဲမှာတော့ ကျနော်တို့တွေ သွင်းဂိုး ၁၉ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒါက ကျနော်တို့အသင်းမှာ မယုံနိုင်လောက်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိနေတာ မဟုတ်ဘူးလား။ စိတ်တော့ မကောင်းပါဘူး။ သူတို့ ပြောတာကို လုံးဝ သဘောမတူပါဘူး။
မက်ဒရစ်မှာ ရှုံးခဲ့တဲ့ပွဲတုန်းက ကစားသမားတွေရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက်တွေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကျနော်တို့အသင်းမှာ ရှိနေတဲ့ ပုံစံတွေပါပဲ။
စပါယ်ရှယ်လစ် ကစားသမားဟောင်းတွေဖြစ်တဲ့ ဘာဘာတေ့ာဗ်၊ ဆီးဒေါ့နဲ့ အီဗရာတို့လို ကစားသမားတွေက အခု ယူနိုက်တက်မှာ မရှိတော့ဘူးပေါ့ဗျာ။ သူတို့နဲ့ ကျနော် ရင်ဆိုင်ခဲ့ဖူးပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ့ သူတို့ကို ဖျက်ဆီးခဲ့တုန်းက သူတို့ထံက ဒီလို ကိုယ်ရည်ကိုယ်သွေးကောင်းတွေ ဆိုတာကို မမြင်ခဲ့ရပါဘူး။
လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ၃ ရက်တစ်ပွဲ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲစုံမှာ ဒီလို ကိုယ်ရည်ကိုယ်သွေးကောင်းတွေကို ကျနော်တို့ လုပ်ပြခဲ့ပါတယ် ‘ လို့ ဂွာဒီယိုလာက တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။
