ပိုင်ရှင်သစ်ရပြီး သီတင်းပတ် အကြာမှာပဲ တန်ကြေးကြီး စပွန်ဆာအသစ် မိတ်ဆက်တော့မယ့် ချယ်ဆီး

ချယ်ဆီးအသင်းဟာ ကလပ်ရဲ့ ဂျာစီ လက်မောင်း စပွန်ဆာအဖြစ် cryptocurrency ကုမ္ပဏီ WhaleFin နဲ့ လက်တွဲကြောင်းကို ရက်ပိုင်းအတွင်း ကြေညာတော့မယ်လို့ သိရပါတယ်။

အမေရိကန် ဘီလျံနာကြီး Todd Boehly ကို ပိုင်ရှင်သစ်အဖြစ် ရရှိထားတဲ့ ချယ်ဆီးအသင်းဟာ ဗြိတိန်အစိုးရက အတည်ပြုတာနဲ့ WhaleFin ကို စပွန်ဆာသစ်အဖြစ် မိတ်ဆက်သွားမှာဖြစ်ကြောင်း Sky News က ဖော်ပြခဲ့ပါတယ်။ ဒါဟာ ယခင် စပွန်ဆာဖြစ်တဲ့ ကိုးရီးယား ကားကုမ္ပဏီ Hyundai ရဲ့ နေရာမှာ အစားထိုးမှု ဖြစ်လာပါလိမ့်မယ်။

စပွန်ဆာသစ်ရဲ့ တန်ကြေးဟာ တစ်နှစ်ကို ပေါင် သန်း ၂၀ တန်ကြေးရှိမှာဖြစ်တယ်။ အဆိုပါ အဖွဲ့ဟာ လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်ကိုလည်း တစ်နှစ်ကို ပေါင် ၃၅ သန်း နှုန်းနဲ့ ဂျာစီ စပွန်ဆာပေးထားတာဖြစ်ပါတယ်။ စင်္ကာပူအခြေစိုက် WhaleFin ကုမ္ပဏီကို Amber Group အဖွဲ့က ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

စာချုပ်ကိစ္စကို အတည်ပြုပြီးရင် ၂၀၂၂-၂၀၂၃ ခုနှစ် ဘောလုံးရာသီအကြို ဒီနွေမှာစပြီး စပွန်ဆာသစ်ကို မိတ်ဆက်မှာဖြစ်တယ်။ အင်္ဂလန် ထိပ်သီးအသင်းတွေကို စပွန်ဆာပေးဖို့ crypto ကုမ္ပဏီတွေ ကြိုးစားလာနေပြီး ယူနိုက်တက်နဲ့ Tezos လက်တွဲမှုအပြင် လီဗာပူးအသင်းကလည်း အဖွဲ့အစည်းတစ်ခုနဲ့ စပွန်ဆာကိစ္စ ညိနှိုင်းနေပါသေးတယ်။

ရိုမန်အေဘရာမိုဗစ်ကို အင်္ဂလန်အစိုးရက ပိတ်ဆို့အရေးယူမှု လုပ်ခဲ့တဲ့နောက် Three, Hyundai နဲ့ Zapp တို့အားလုံးဟာ ချယ်ဆီးနဲ့ စာချုပ်တွေကို ယာယီ ဆိုင်းငံ့ခဲ့ပါတယ်။ Three ဟာ နောက်ထပ် ထုတ်ပြန်မှု မတိုင်ခင်အထိ ကွင်းတွင်းနဲ့ ဂျာစီအပေါ်က သူတို့ရဲ့ အမှတ်တံဆိပ်ကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာ Hyundai နဲ့ Zapp တို့ကလည်း အလားတူ လိုက်ပါလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ဂျာစီသစ်တွေ ထပ်မံ ထုတ်လုပ်ခွင့် မရခြင်းနဲ့အတူ အဆိုပါ လိုဂိုတွေက ချယ်ဆီးရဲ့ ဂျာစီတွေပေါ်မှာ ရှိနေဆဲဖြစ်ပြီး သူတို့ရဲ့ အမှတ်တံဆိပ်တွေကို ပရီးမီးယားလိဂ်ပွဲအတွင်း စတန်းဖို့ဒ်ဘရစ်ချ်ကွင်းထဲမှာ မြင်နေရသေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ရာသီမှာတော့ Hyundai နေရာမှာ WhaleFin ဝင်လာမှာဖြစ်ကာ ဒါဟာ အမေရိကန်ပိုင်ရှင်တွေရဲ့ လက်အောက် ချယ်ဆီးအသင်း စတင်လာတဲ့ ပထမဆုံးသော ခြေလှမ်းတစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။