ရိုးမားအတွက် ငိုကြွေးခဲ့တဲ့ မော်ရင်ညိုက လီဗာပူးကို အနိုင်ယူဖို့ အန်ဆယ်လော့တီကို တိုက်တွန်း

ဥရောပ ပြိုင်ပွဲသစ်ဖြစ်တဲ့ ယူရိုပါ ကွန်ဖရန့်စ်လိဂ် ဗိုလ်လုပွဲရောက် ရိုးမားအသင်း နည်းပြဖြစ်သူ မော်ရင်ညိုဟာ သူ့ရဲ့ မိတ်ဆွေကြီး အန်ဆယ်လော့တီအတွက် လက်တန်း အမှာစကားတစ်ခု ပေးပို့ခဲ့ပြီး လီဗာပူးကို အနိုင်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

မော်ရင်ညိုရဲ့ ရိုးမားဟာ လက်စတာကို နှစ်ကျော့ပေါင်း ၂-၁ နဲ့ အနိုင်ရခဲ့ပြီးနောက် ယူရိုပါ ကွန်ဖရန့်စ်လိဂ် ဖိုင်နယ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ရိုးမားရဲ့ အောင်မြင်မှုဟာ ဘာနေဗျူးမှာ မက်ဒရစ်တို့ မန်စီးတီးကို အံ့အားသင့်ဖွယ် ကမ်းဘက်နိုင်ပွဲရခဲ့တဲ့နောက် တစ်ရက်အကြာမှာပဲ ဖြစ်ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ စပါယ်ရှယ်ဝမ်းက ဝါရင့်အီတလီသား နည်းပြကြီးကို ဂုဏ်ပြုခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းကို အားပေးသွားမှာဖြစ်ကြောင်းကို သူနဲ့အတူ အတူတူ ချန်ပီယံဖြစ်စေဖို့ ဆုတောင်းနဲ့ ထုတ်ဖော်ခဲ့ပါတယ်။ “ ကျွန်တော့် မိတ်ဆွေကြီး ‘the great Carletto’ အတွက် အမှာစကားတခု ပေးခွင့်ပြုပါ။ ‘ငါတို့နှစ်ယောက်လုံး ဗိုလ်လုပွဲတွေကို အနိုင်ယူကြမယ်’” လို့ မော်ရင်ညိုက ဆိုပါတယ်။

မော်ရင်ညိုဟာ ရိုးမားနဲ့အတူ ပထမဆုံး ဆုဖလားအတွက် ကြိုးပမ်းရမယ့်အချိန်နဲ့ အန်ဆလော့တီတို့ လီဗာပူးနဲ့ ရင်ဆိုင်ရမယ့်အချိန်ဟာ ကြားမှာ ၃ ရက်ပဲ ကွာပါတယ်။ မော်ရင်ညိုဟာ အခုဆိုရင် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါ ကွန်ဖရန့်စ်လိဂ် ဖိုင်နယ်တွေကို တက်ရောက်နိုင်တဲ့ ပထမဆုံးနည်းပြ ဖြစ်လာခဲ့ပြီး အဲ့ဒီ့ပြိုင်ပွဲသုံးခုလုံးကို အနိုင်ရတဲ့ ပထမဆုံးနည်းပြ ဖြစ်လာဖို့ အခွင့်အရေးလည်း ရှိနေပါတယ်။

ရိုးမားဟာ ၁၄ နှစ်ကြာ ဖလားတစ်လုံးမှ အောင်မြင်ခဲ့ခြင်း မရှိဘဲ ကစားသမားတွေ၊ ပရိသတ်တွေ၊ ဝန်ထမ်းတွေနဲ့ မိသားစုတစ်ခုလို ဖွဲ့စည်းထားတဲ့ ကလပ်ကို ဂုဏ်ပြုခဲ့တဲ့ မော်ရင်ညိုဟာ ၁၉၉၁ နောက်ပိုင်း သူတို့ရဲ့ ပထမဆုံး အဓိကဥရောပဖိုင်နယ်မှာ ဖီယင်နုကို အနိုင်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

တန်မီအေဘရာဟမ်က ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အစောပိုင်း ခေါင်းတိုက်ဂိုးနဲ့အတူ ၁-၀ နဲ့ အနိုင်ရစေခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ငိုကြွေးခဲ့သလို ခံစားချက်တွေကြောင့် နွမ်းလျနေတဲ့ မော်ရင်ညိုရဲ့ ပုံစံတွေကို အထင်းသား မြင်တွေ့ခဲ့ရပါတယ်။

“ ကျွန်တော် အရမ်းပင်ပန်းနေပြီ။ အိမ်ကိုပြန်ချင်တယ်။ ဒါက မိသားစုရဲ့ အောင်ပွဲတစ်ခုပါ။ ကွင်းထဲက၊ အရံခုံက လူတွေနဲ့သာမက ပွဲကြည့်စင်က သူတွေအားလုံးက မိသားစုပါပဲ။ ဒါက ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုဖြစ်ပါတယ်။ ဒီလို မျှဝေခံစားတတ်ခြင်းနဲ့အတူ ကျွန်တော်တို့ဟာ ပရိသတ်တွေနဲ့ မိသားစုတစ်ခုကို ဖန်တီးခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က ထူးခြားကောင်းမွန်ခဲ့တယ်လို့ ထင်ပါတယ်။ တခြားသူတွေက တမျိုး ထင်ချင်ထင်နိုင်ပါတယ်။ ဒါပေမယ့် မင်းရဲ့ ဂိုးသမားက တိုက်စစ်အရည်အသွေး အများကြီးရှိတဲ့ ပရီးမီးယားလိဂ် အသင်းတစ်သင်းကို မိနစ် ၁၂၀ ကျော်အတွင်း ရင်ဆိုင်ပြီး ကာကွယ်မှု ၂ ကြိမ်ပဲ လုပ်ခဲ့ရတာက ကျွန်တော်တို့ ခံစစ် အရမ်းကောင်းခဲ့တယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ။

ျကောင်လေးတွေက ဒါနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် အကောင်းဆုံး အနေအထားနဲ့ ရာသီကိုအဆုံးသတ်ဖို့ စီးရီးအေ ၃ ပွဲ ကျန်ပါသေးတယ်။ ကျွန်တော်တို့ ဒီလို ဖိုင်နယ်ရောက်ဖို့ သိပ်ကောင်းတဲ့ လမ်းကြောင်းတစ်ခုကို လျှောက်ခဲ့ရတယ်။ ဒီအတွက် စီးရီးအေမှာ အမှတ်တွေ လျော့ခဲ့တယ်။ ဒါပေမယ့် အခု ကျွန်တော်တို့ ဖိုင်နယ်ကို ရောက်နေပြီ။ ဒီပွဲမှာ အနိုင်ယူချင်ပါတယ် ” လို့ မော်ရင်ညိုက ပြောကြားခဲ့တာ ဖြစ်ပါတယ်။