လီဗာပူး၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးအသင်းတွေမှာ ကစားခဲ့ပြီး စပိန်ကလပ်နဲ့ ချန်ပီယံလိဂ် ၂ ကြိမ် အနိုင်ရခဲ့ဖူးတဲ့ တောင်ပံသမား စတိဗ် မက်မန်နာမန်းက အသင်းဟောင်းတွေ ထိပ်တိုက်တွေ့တဲ့ပွဲမှာ မန်စီးတီးရခဲ့တဲ့ ရလဒ်အတွက် အံ့အားသင့်ခဲ့ပါတယ်။
အိမ်ကွင်းမှာ ၄-၃ နဲ့ အနိုင်ရခဲ့တဲ့ မန်စီးတီးဟာ အဝေးကွင်းမှာလည်း မိနစ် ၉၀ ထိကို ၁-၀ နဲ့ ထပ်မံ အနိုင်ရထားတာပါ။ ဒါပေမယ့်လို့ ရီးရဲလ်မက်ဒရစ်ရဲ့ သွင်းဂိုး ၂ ဂိုးကို ခပ်လွယ်လွယ် ခွင့်ပြုခဲ့ရသလို အချိန်ပိုမှာတော့ ဘယ်လိုမှ ထပ်ပြီး တောင့်ခံနိုင်ခြင်း မရှိဘဲ ဆီမီးဖိုင်နယ်အဆင့်ကနေ လက်ပြခဲ့ရပြီဖြစ်ပါတယ်။
မက်မန်နာမန်းက ” အရင်ကလည်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မန်စီးတီးအသင်း ပြဿနာတွေ ရှိခဲ့တာကို ကျနော် သိပါတယ်။ ဒါပေမယ့် ဒါကတော့ အရက်စက်ဆုံး နည်းလမ်းနဲ့ ပြိုင်ပွဲက ထွက်ခွာခဲ့ရတာပါ။ သူတို့တွေ ဒီလိုမျိုး အဆုံးသတ်လိမ့်မယ်လို့ ကျနော်တို့ မတွေးထားမိဘူး။
ဖိုင်နယ်မှာ လီဗာပူးကို ပိုသဘောကျမိမှာပါ။ အားလုံးက အင်္ဂလန်နှစ်သင်းတွေတဲ့ ဖိုင်နယ်ပွဲကို မြင်လိုကြပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့က သိပ်ကောင်းတဲ့ ဖိုင်နယ်ပွဲဖြစ်ပါလိမ့်မယ်။ ပဲရစ်မှာ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို အနိုင်ယူခဲ့ရင် ရှူံးထွက်အဆင့်မှာ ပီအက်စ်ဂျီ၊ ချယ်ဆီး၊ မန်စီးတီးကို အနိုင်ယူလာမှုတွေအရ ရီးရဲလ်အတွက် အကောင်းဆုံး အောင်မြင်မှု ဖြစ်သွားပါလိမ့်မယ် ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်တယ်။

မန်စီးတီးဟာ ၂၀၁၉ တုန်းကလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ စပါးအသင်းကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရသေးတာပါ။ ဒီတစ်ကြိမ်မှာလည်း လက်တကမ်း အကွာကို ရောက်ပြီးခါမှ ပြိင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်တယ်။ ဒါကြောင့် ခံနိုင်ရည်ရှိပြီး ပရီးမီးယားလိဂ်ကို အာရုံစိုက်ဖို့ တိုက်တွန်းခံရပါသေးတယ်။
မန်စီးတီး ခံစစ်မှူး လက်စကော့ကတော့ “ ချန်ပီယံလိဂ်မှာက ကံကောင်းဖို့လည်း လိုပါတယ်။ ရင်ကလည်း မန်စီးတီး ဒီပြိုင်ပွဲမှာ ကျရှုံးတာကို ကျနော်တို့ မြင်နေခဲ့တာပါပဲ။ သူတို့တွေ ပွဲကစားဖို့တွေ ရှိနေပါသေးတယ်။ တနင်္ဂနွေနေ့ပွဲမှာ အသင်းရဲ့ အခြေအနေကို မတင်ဖို ပရိသတ်တွေလည်း ပါဝင်လာကြမယ် ထင်ပါတယ်။
ဂွာဒီယိုလာက ချန်ပီယံလိဂ်ကို တစ်ကျော့ပြန် အနိုင်မရတာ အတော်လေး ကြာခဲ့ပါပြီ။ ဒီတော့ သူ့အတွက် အတော်လေး ယူကျုံးမရဖြစ်နေမယ်ဆိုတာ သေချာပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
