ဗိုလ်လုပွဲကို ရောက်ခါနီးလေးမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အနိုင်ယူခြင်း ခံခဲ့ရတာအတွက် မန်စီးတီး နည်းပြ ဂွာဒီယိုလာက အတော်လေး စိတ်ပျက်မှုတွေ ခံစားနေခဲ့ရဟန် ရှိပါတယ်။
မီဒီယာတွေ့ဆုံမှုမှာ သူ့ရဲ့ ကိုယ်နေဟန်ထားတွေက သူ့ရဲ့ စိတ်ပျက်မှုတွေကို ဖော်ပြနေတယ်။ မန်စီးတီးက အရမ်းကို နီးစပ်ခဲ့တာပါဆိုတဲ့ ဂွာဒီယိုလာရဲ့ ပြောဆိုမှုဟာ ဘာနေဗျူးမှာ ဦးဆောင်ဂိုးပါ ယူပြီးခါမှ နောက်ကနေ ၂ ကြိမ် လိုက်ကစားခံရပြီး ဘန်ဇီမာရဲ့ အချိန်ပို ပင်နယ်တီ သွင်းဂိုးကြောင့် ပြိုင်ပွဲက ထွက်ခွာရမှုအပေါ် ခံရခက်နေပုံ ရပါတယ်။

ဂွာဒီယိုလာက ” ကျနော်တို့ နီးစပ်ခဲ့ပါတယ်။ အတော်လေး နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ မရောက်လိုက်ပါဘူး။ အဲ့တာကလည်း ရှင်းပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ ပွဲကောင်း မကစားနိုင်ခဲ့ဘူး။ ကျနော်တို့ မလုံလောက်ခဲ့ပါဘူး။ ဒါပေမယ့် အရမ်းကြီးလည်း ဆိုးဝါးနေခဲ့တာ မဟုတ်ဘူး။
ဂိုးရပြီးနောက်မှာ ကျနော်တိ့ ပိုကောင်းလာပါတယ်။ ပွဲတန်ပိုကို ရှာတွေ့ခဲ့သလို ကစားသမားတွေ သက်သောင့်သက်သာ ဖြစ်လာပါတယ်။ နောက်ဆုံး ၁၀ မိနစ်မှာ ရီးရဲလ်မက်ဒရစ်က တိုက်စစ်ဆင်ပြီးရင် ဆင်နေလို့ ကိုယ်က ခံစားခဲ့ရတာမျိုး မဟုတ်ပါဘူး။ အဲ့လို မဖြစ်ခဲ့ပါဘူး။
သူတို့တွေ ဧရိယာထဲကို ကစားသမား အများကြီး ထည့်ခဲ့တယ်။ မီလီတာအို၊ ရိုဒရီဂို၊ ဗင်နီးဆီးယက်စ်၊ ဘန်ဇီမာတို့ကို ဧရိယာထဲ ဝင်စေတာနဲ့အတူ သူတို့ ဖြတ်တင်ဘောတွေ ပေးခဲ့ပြီး ဂိုး ၂ ဂိုး ရသွားခဲ့တာပါ။
ကျနော်တို့ အကောင်းဆုံး မကစားနိုင်ခဲ့ဘူး။ ဒါပေမယ့် ဒါက ပုံမှန်ပါပဲ။ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ကစားသမားတွေက ဖိအားတွေ ခံစားရပါတယ်။ ဘောလုံးဆိုတာ ခန့်မှန်းရ ခက်ခဲပါတယ်။ အထူးသဖြင့် ဒီလိုပွဲမှာပေါ့။ ကျနော်တို့ လက်ခံရမှာပါ။
အခုတော့ တိုးတက်မှုတွေ ရှာဖွေဖို့ လိုပါတယ်။ ပြန်ပြီး ကျနော်တို့ရဲ့ အိမ်ကွင်း ပရိသတ်တွေနဲ့အတူ ယှဉ်ပြိုင်ရမယ့် နောက်ဆုံး ၄ ပွဲကို ယှဉ်ပြိုင်ကစားသွားပါမယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲပဲ ယှဉ်ပြိုင်ဖို့ ကျန်ရှိမှာဖြစ်ပြီး အဆိုပါ ပွဲတွေကို အနိုင်ရရင်တော့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်သွားမှာပဲ ဖြစ်ပါတယ်။
