ဗိုလ်လုပွဲမှာ ဘယ်အသင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်လိုသလဲကို အဖြေမပေးခဲ့ပေမယ့် ယာဂင်ကလော့ပ်က ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရင်ဆိုင်ဖို့ သူပိုသဘောကျတဲ့ ပြိုင်ဘက်ကို သေချာသိပြီးသားဖြစ်တယ်လို့ ဂျေမီကာရေဂါက မှတ်ချက်ပေးလိုက်ပါတယ်။
လီဗာပူးဟာ ဗီလာရီးရဲလ်နဲ့ ရင်ဆိုင်ကစားရတဲ့ စိတ်လှုပ်ရှားစရာ ချန်ပီယံလိဂ် ညတစ်ညအပြီး ဥရောပဗိုလ်လုပွဲကို ၅ ရာသီအတွင်း ၃ ကြိမ်မြောက်အဖြစ် တက်ရောက်နိုင်ခဲ့ပါတယ်။ စပိန်ကလပ်ဟာ ပထမပိုင်းအတွင်း နာမည်ကြီး ပြိုင်ဘက်တွေကို မှင်သက်အောင် လုပ်ခဲ့ပြီး ပထမအကျော့မှာရှုံးခဲ့တဲ့ ၂-၀ ကို ၂-၀ နဲ့ ပြန်လည်ချေပခဲ့ပါတယ်။
ဒါပေမယ့် အမ်မရီရဲ့ အသင်းဟာ သူတို့ရဲ့ မဆုတ်မနစ် ဖိအားပေးမှုကို ဒုတိယပိုင်းထိ ဆက်လက် ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။ လူစားဝင်ကစားသမား လူးဝစ်ဒီယက်စ်က ပွဲကို ပြောင်းလဲပေးခဲ့သလို လီဗာပူးဟာ ဒုတိယပိုင်းအတွင်း ၃ ဂိုး ပြန်သွင်းခဲ့တာဖြစ်ပါတယ်။
ဦးဆောင်ဂိုးရှင် ဖာဘင်ညိုက “ ဗီလာရီးရဲလ်က ပထမပိုင်းမှာ အရာအားလုံး ပေးဆပ်ခဲ့တယ်လို့ ထင်ပါတယ်။ ပထမ ၁၅ မိနစ်၊ မိနစ် ၂၀ က တကယ်ကို အရေးပါခဲ့တာပါ။ သူတို့တွေ ပထမဂိုးကို သွင်းယူခဲ့ပြီးတော့ သူတို့ပရိသတ်တွေက အဲ့ဒါကို ခံစားခဲ့ရတယ်။
ပရိသတ်တွေက သူတို့အသင်းအတွက် အရမ်း အားပေးထောက်ခံခဲ့ကြတာပါ။ ဒါကြောင့် ကျွန်တော်တို့အတွက်က ခက်ခဲခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားကစားဖို့ လိုအပ်ခဲ့တယ်။ ဒုတိယပိုင်းမှာ လိုအပ်တဲ့အရာကို လုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ၃ ဂိုးသွင်းယူခဲ့ပေမယ့် ၄ ဂိုးလောက် ရနိုင်ခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ပွဲအပြီးမှာ ဖိုင်နယ်မှာ တွေ့ရမယ့် ပြိုင်ဘက်အဖြစ် မန်စီးတီး ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ် ဘယ်အသင်းနဲ့ တွေ့ချင်လဲ မေးခံရချိန်မှာ ကလော့ပ်က သူတွေ့ချင်တဲ့ ပြိုင်ဘက်ကို ပြောပြဖို့ ငြင်းပယ်ခဲ့ပါတယ်။
ကာရာဘောင်းဖလား ချန်ပီယံတွေဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ စီးတီးနဲ့ ၃ ကြိမ်အထိ ရင်ဆိုင်ခဲ့ရာ လုံးဝ မရှုံးနိမ့်ခဲ့ပါဘူး။ ဒါပေမယ့်လို့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရင် ၂၀၁၈ ချန်ပီယံလိဂ် ဖိုင်နယ်တုန်းက အရှုံးကို ပြန်လည်လက်စားချေခွင့်ရမှာ ဖြစ်တာကြောင့် ကလော့ပ်ဟာ ဗိုလ်လုပွဲမှာ စပိန်ကလပ်နဲ့ ပိုတွေ့ချင်နေလိမ့်မယ်လို့ ကာရေဂါက ယုံကြည်နေပါတယ်။
ကလော့ပ် အဖြေပေးဖို့ ငြင်းဆန်ခဲ့တာအတွက် ကာရေဂါက “ ယာဂင်က ညာနေတာလို့ ထင်မိတယ်။ ဗိုလ်လုပွဲမှာ သူ ရီးရဲလ်မက်ဒရစ်နဲ့ ပိုတွေ့ချင်မယ်ဆိုတာ သေချာပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
မေ ၂၈ မှာ ရလဒ်ဘယ်လိုပဲ ဖြစ်လာပါစေ၊ ဂျာမန်သားဟာ လီဗာပူးမှာ ဂန္တဝင်ဂုဏ်ပုဒ်ကို ရရှိခဲ့ပြီးဖြစ်တယ်လို့ ကာရေဂါက ထင်မြင်နေတယ်။ ကာရေဂါက အသင်းဟောင်းကို အားပေးဖို့ အဆင်သင့်ဖြစ်နေသလို ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေတုန်းကလို ပွဲမစခင် ချန်ပီယံလိဂ်ဖလားကို လက်နဲ့ လုံးဝ မထိဖို့ရာ သတိပေးဖို့ အဆင်သင့်ဖြစ်နေလောက်ပြီ ဖြစ်ပါတယ်။
