လူတွေက ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သက်ပြီး ပြောနေတဲ့ မှတ်ချက်တွေကို ဂရုစိုက်နေမှာ မဟုတ်ဘဲ အကောင်းဆုံး ကြိုးစားမယ်လို့ ကွင်းလယ်လူ မိုဒရစ်က ပြောဆိုပါတယ်။
မီဒီယာတွေ့ဆုံမှုမှာ သတင်းထောက်တွေက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်လာနိုင်တင် ရီးရဲလ်မက်ဒရစ်တို့ ကံကောင်းနေပြီလားဆိုတဲ့ မေးခွန်းကို လူကာ မိုဒရစ်ကို မေးမြန်းခဲ့ကြတယ်။ ကွာတားအဆင့်မှာ ရီးရဲလ်မက်ဒရစ်ဟာ ချယ်ဆီးအသင်းကို နှစ်ကျော့ပေါင်း ရလဒ်နဲ့ပါ အရေးနိမ့်လု ဖြစ်ခဲ့တာပါ။
လူကာမိုဒရစ်က “ လူတွေ ထင်ချင်သလို ထင်ကြပါစေ။ ကျနော်တို့ ကံကောင်းတယ်လား? ရယ်ရအောင် မလုပ်ပါနဲ့။ အဲ့တာက မျှတတဲ့ ယူဆချက် မဟုတ်ပါဘူး။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဆိုတာ ကံကောင်းလို့ ဆိုပြီး ရောက်နိုင်တဲ့ နေရာမျိုး မဟုတ်ပါဘူး။
ကျနော်တို့တွေ မီဒီယာတွေက ဘာပြောနေသလဲ ဆိုတာထက် ကိုယ်အလုပ်အပေါ်မှာပဲ အာရုံစိုက်နေတယ်။ ယုံကြည်မှုနဲ့ အရည်အချင်းတွေကို ထိန်းသိမ်းဖို့ပါပဲ။ ဒါတွေကပဲ ကျနော်တို့ကို အသင်းကောင်းဖြစ်နေစေတာပါ ” လို့ တုန့်ပြန်ခဲ့တယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပထမအကျော့ကို ၄-၃ နဲ့ အရေးနိမ့်ထားတာဖြစ်ပြီး မိနစ် ၉၀ ရလဒ်နဲ့ ဗိုလ်လုပွဲကို တက်ဖို့ဆိုရင် အိမ်ကွင်းမှာ ၂ ဂိုး အသာနဲ့ အနိုင်ရဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။
မိုဒရစ်က ” ကျနော်တို့ ဘာလုပ်ရမယ်ဆိုတာကို သိပါတယ်။ ဒီရာသီအတွက် အရေးအကြီးဆုံးသော ပြိုင်ပွဲကို ကစားရမှာဖြစ်ပါတယ်။ ဒီတော့ ကိုယ်ရဲ့ အကောင်းဆုံးတွေ လုပ်ပြနိုင်ဖို့ကိုပဲ ကြိုစားရမှာပါ။
ကျနော်တို့ ယုံကြည်မှုရှိသလို ရလဒ်ကောင်း ယူနိုင်ပါတယ်။ အကောင်းဆုံး မကစားနိုင်တုန်းကတောင် သူတို့ကို ရင်ဆိုင်ချိန်မှာ ၃ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။ ကျနော်တို့ ပိုင်ဆိုင်ထားတဲ့ အရည်အချင်း၊ စရိုက်ကောင်းတွေနဲ့အတူ လုံးဝ အရှုံးပေးမှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။
ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ လီဗာပူးအသင်းက ပြိုင်ဘက်ကို စောင့်ဆိုင်းနေပြီဖြစ်ပြီး ၂၀၁၈ တုန်းက မကျေပွဲကို ပြန်နွဲကြမလား မနှစ်ကလို အင်္ဂလန်နှစ်သင်း ဗိုလ်လုတာကို မြင်ရမလား ဒီကနေ့ညမှာ အဖြေပေါ်မှာပဲ ဖြစ်ပါတယ်။
