ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ရေး ရီးရဲလ်မက်ဒရစ်ကို ပထမအကျော့မှာတင် ဂိုးပြတ်ဖြတ်ထားနိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့တာအတွက် ဖိုဒန်က မကျေမနပ် ဖြစ်နေပါတယ်။
ပထမအကျော့မှာ မန်စီးတီးက ပွဲကို ဦးဆောင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်က ခြေပဂိုးတွေ ပြန်ရယူမှုနဲ့အတူ ရလဒ်မှာတော့ ၄-၃ နဲ့ ကပ်သီးလေး အနိုင်ရခဲ့တာပါ။ လာမယ့်အပတ် ဘာနေဗျူးမှာ မန်စီးတီးက အတော်လေး လုပ်ပြနိုင်ဖို့ လိုအပ်နေပြီး လာလီဂါကလပ်ရဲ့ ဦးဆောင်ခြင်း မခံရဖို့ လိုအပ်နေမှာ ဖြစ်ပါတယ်။
စီးတီးအတွက် တတိယဂိုးကို သွင်းယူပေးခဲ့တဲ့ ဖိုဒန်က ပွဲကောင်းတစ်ပွဲ ကစားနိုင်ခဲ့တယ်လို့ ယုံကြည်ပေမယ့် ပွဲက ဒီအဆင့်မှာတင် ပြတ်ထားသင့်တာလို့ မြင်နေတာဖြစ်ပါတယ်။

‘ ပရိသတ်တွေအတွက် ကြည့်လို့ သိပ်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့မှာပါ။ ကျနော်တို့က ချန်ပီယံလိဂ်ကို အကြိမ် အများကြီး အနိုင်ရထားတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာပါ။ ကျနော်တို့ ဘောလုံးပေးတာ လွဲချော်နေရင် သူတို့က အပြစ်ပေးမှာပါပဲ။ ဒုတိယပိုင်းမှာတော့ ဒီက ကျနော်တို့ တိုးတက်လာဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
ပွဲကပွဲကောင်းဖြစ်ခဲ့ပါတယ်။ သွင်းဂိုးတွေ အပြိုင်အဆိုင်နဲ့ပါပဲ။ ကျနော်တို့ ပွဲအစ သိပ်ကောင်းခဲ့တယ်။ သူတို့ကို အပြတ်ဖြတ်နိုင်ခွင့်ပါ ရခဲ့တယ်။ ဒီလိုပွဲမှာ ကျနော်တို့ အခွင့်အရေးပိုယူဖို့ လိုပါတယ်’ လို့ ဖိုဒန်က ပြောပါတယ်။
မန်စီးတီးဟာ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရခဲ့သင့်ပေမယ့် အမှားတွေလည်း လုပ်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ဘက်က ဘန်ဇီမာ၊ ဗင်နီဆီးယက်စ်တို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရတယ်။ ဒါကြောင့် ဒုတိယအကျော့ထိ ပွဲက အသက်ဝင်နေဦးမှာ ဖြစ်ပါတယ်။
နည်းပြ ဂွာဒီယိုလာကလည်း ” နှစ်သင်းလုံးအတွက် ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ ကျနော်တို့ ကောင်းတာတွေ အများကြီး လုပ်နိုင်ခဲ့တယ်။ ကံမကောင်းစွာဘဲ ဂိုးတွေ ခွင့်ပြုခဲ့ရသလို ဂိုးတွေ ထပ်ပြီး မသွင်းနိုင်တော့ဘူး။ ဒါပေမယ့် နှစ်ပွဲကစားရမှာပါ။ နောက်အပတ်မှာ နောက်ထပ်တစ်ပွဲ ရှိပါသေးတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
