မန်စီးတီးကို ပထမအကျော့မှာ ၄-၃ နဲ့ အရေးနိမ့်အပြီး ဒုတိယအကျော့မှာ ဘာနေဗျူးရဲ့ မှော်ဆန်တဲ့ အခိုက်အတန့်တွေ လိုအပ်လာပါပြီလို့ တိုက်စစ်မှူး ဘန်ဇီမာက တောင်းဆိုလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပွဲအစ ၁၀ မိနစ်မှာတင် ပေးဂိုး ၂ ဂိုး ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဂိုးကွာခြားချက် မများဖို့ တုန့်ပြန်နိုင်ခဲ့တာပါ။ ပထမအကျော့ကို အရေးနိမ့်ခဲ့သလို နှစ်သင်း သွင်းဂီုး ၇ ဂိုး ရှိတယ်ဆိုပေမယ့် ရလဒ်အရတော့ ၁ ဂိုးပဲ ဂိုးကွာခြားချက် ရှိနေတာဖြစ်ပါတယ်။
လာမယ့်အပတ် ဘာနေဗျူးမှာ ရီးရဲလ်ဘက်က ၂ ဂိုးအသာနဲ့ အနိုင်ရရင် ဗိုလ်လုပွဲကို တက်နိုင်မှာမို့ ယခင်ကထက် ပိုကြီးမားတဲ့ အားပေးမှု လုပ်ပေးကြဖို့ တိုက်စစ်မှူးကြီးက တောင်းဆိုခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား ဘန်ဇီမာက ” အရေးနိမ့်မှုဟာ ဘယ်တုန်းကမှ မကောင်းပါဘူး။ ကျနော်တို့ဟာ ချန်ပီယံလိဂ်အပေါ်မှာ အရမ်းကို စိတ်လှုပ်ရှားနေတာပါ။ အရေးအကြီးဆုံးက ကျနော်တို့က ဘယ်တော့မှ လက်မြောက် အလျာ့ပေးခဲ့ခြင်း မရှိသလို အဆုံးထိ ယှဉ်ပြိုင်ခဲ့ကြပါတယ်။
အခုတော့ ဘာနေဗျူးကို သွားရပါတော့မယ်။ ဘယ်တုန်ကမှ မမြင်ဖူးတဲ့ ပုံစံမျိုးနဲ့ ပရိသတ်တွေကို ကျနော်တို့ လိုအပ်နေပါတယ်။ အနိုင်ရဖို့အတွက် မှော်ဆန်ဆန် ကိစ္စတွေကို ဖန်တီးနိုင်ရပါတော့မယ် ” လို့ ဆိုခဲ့တယ်။

ဒီပွဲမှာ ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ တတိယဂိုးအတွက် အီဒါဆန်ရှိရာ အလယ်တည့်တည့်ကို ကန်သွင်း အဆုံးသတ်ခဲ့တာပါ။ သူ့ရဲ့ ယုံကြည်မှုက သိပ်ကောင်းခဲ့တာကြောင့် သွင်းဂိုးက သပ်သပ်ရပ်ရပ် ဝင်သွားခဲ့ပါတယ်။ အဲ့မတိုင်ခင်က ပင်နယ်တီ ၂ ကြိမ်မှာ ၂ ကြိမ်လုံးကို ဘန်ဇီမာက လွဲချော်ထားတာပါ။
ဒါနဲ့ ပတ်သက်လို့လည်း ” ပင်နယ်တီ ဘယ်တော့မှ မကန်ရင် ဘယ်တော့မှလည်း မလွဲတော့ဘူးဆိုတာ ကျနော် ခေါင်းထဲမှာ အမြဲတမ်း တွေးနေမိတာပါ။ ဒါက မာကျောတဲ့ ယုံကြည်ချက်ပါပဲ။ ကိုယ်ဘာသာ အများကြီး ယုံကြည်မှုရှိပါတယ်။ ဒီတော့ ကျနော် ကန်သွင်းတယ်။ အဆုံးသတ်နိုင်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
နည်းပြ အန်ဆယ်လော့တီကလည်း ” ကန်သွင်းပုံ ပြောင်းလဲခဲ့တယ်။ သူ့ရဲ့ နောက်ဆုံး ကန်သွင်းခဲ့တဲ့ နှစ်ကြိမ်က သိပ်မကောင်းခဲ့ပါဘူး။ သူ ပြောင်းလဲပြီး လေ့ကျင့်ခဲ့တယ်။ သူ ဘယ်လို ကန်မယ်ဆိုတာတော့ ကျနော် မသိပါဘူး။ သူ့ရဲ့ ရွေးချယ်မှုက အလုပ်ဖြစ်ခဲ့တယ်။ သန်မာတဲ့ ပုဂ္ဂိုလ်ရေးနဲ့ စရိုက်ကောင်းရှိပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အခုလို ပင်နယ်တီမျိုး ကန်ဖို့ဆိုတာ မလွယ်ကူပါဘူး ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
