၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်တွေက ဒီညမှာ စတင်သွားတော့မှာဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ဗြိတိန်သတင်းဌာန Mirror ကနေပြီး ချန်ပီယံဖြစ်ရေး ရေပန်းစားမှုကို အဆင့်အလိုက် ဖော်ပြသွားခဲ့ပါတယ်။

(၄) ဗီလာရီးရဲလ်
အဝါရောင် ရေငုပ်သမားတွေဟာ တူရင်မှာ ဂျူဗင်တပ်ကို ၃-၀ နဲ့ အနိုင်ယူခဲ့ပြီး သူတို့ရဲ့ ထိုက်တန်မှုကို သက်သေပြခဲ့သလို ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရာမှာ အလားတူ သူရဲကောင်းဆန်မှုတွေ ပြသခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကို ၁-၀ နဲ့ အနိုင်ယူပြီးတည်းက ပြိုင်ပွဲစုံ ၅ ပွဲဆက် အရေးမနိမ့်ပေမယ့် လာလီဂါမှာတော့ အခြေအနေ မကောင်းတဲ့ ဗီလာရီးရဲလ်ဟာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ဖို့ သေချာသလောက်ပါပဲ။
စပိန်ကလပ်ဟာ ချန်ပီယံလိဂ်မှာ လီဝန်ဒေါစကီးတို့အဖွဲ့ကို အနိုင်ယူခဲ့တာကြောင့် ဒီအဆင့်မှာ လီဗာပူးကို ယှဉ်ပြိုင်ကစားရေး ရှိန်နေမှာတော့ မဟုတ်ပါဘူး။ ဆီးမီးမှာ လီဗာပူးကို အနိုင်ယူ ဗိုလ်လုပွဲမှာလည်း ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် မန်စီးတီးကို အနိုင်ယူပြီး ချန်ပီယံဖြစ်ဖို့ဆိုတာ သိပ်ကို ဝေးကွာလွန်းတဲ့ ခရီးလမ်းတစ်ခုပါပဲ။
(၃) ရီးရဲလ်မက်ဒရစ်
၁၆ သင်းအဆင့် ပွဲစဉ်ဟာ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ကို ဘယ်တော့မှ အထင်သေးလို့ မရဘူးဆိုတာ သက်သေပြလိုက်တာပါ။ နောက်ဆုံး ၄၅ မိနစ်မှာ ၂-၀ နဲ့ ရှုံးနေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဘန်ဇီးမားရဲ့ ဟက်ထရစ်နဲ့အတူ ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ချယ်ဆီးနဲ့ပွဲမှာတော့ အားနည်းချက်တွေကို ဖော်ပြခဲ့ပြန်ပါတယ်။
လက်ရှိ ချန်ပီယံတွေကို ဘာနေဗျူးမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်ကပဲ အရင်တုန်းက ဥရောပဘုရင် ရီးရဲလ်မက်ဒရစ် ပုံစံမျိုး မဟုတ်သေးပေမယ့် အရေးကြီးပြီဆိုရင်တော့ သူတို့ရဲ့ မြင့်တက်လာတဲ့ အရှိန်အဟုန်က ကြောက်စရာပါ။ သူတို့က လျှော့တွက်ထားလို့ မရတဲ့ အသင်းဖြစ်ပေမယ့် လီဗာပူးနဲ့ မန်စီးတီးက ခြေစွမ်ပိုင်းမှာ ပိုတည်ငြိမ်နေပါတယ်။
(၂) မန်စီးတီး
မနှစ်က ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးဟာ ဒီနှစ်မှာ ပိုကောင်းကောင်း လုပ်နိုင်ဖို့ စိတ်အားထက်သန်နေမှာ ဖြစ်ပါတယ်။ အက်သလက်တီကိုက လွယ်ကူတဲ့ ပြိုင်ဘက် မဟုတ်ပေမယ့် သူတို့ကို ကျော်ဖြတ်ဖို့ မန်စီးတီးက အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ကျော်ဖြတ်နိုင်ခဲ့သလို ဆီးမီးမှာ ဥရောပ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက် တွေ့နေခဲ့တာပါ။
စပိန်ကလပ်ကို ကျော်ဖြတ်နိုင်ရင်တော့ ဗိုလ်လုပွဲကို ရောက်လာမယ့် အခြားအတွဲမှာ ပြည်တွင်းပြိုင်ဘက် လီဗာပူးနဲ့ ဆီမီးအဆင့် အင်အားအနည်းဆုံးကလပ် ဗီလာရီးရဲလ်တို့ ရှိနေခြင်းက မန်စီးတီးကို စိတ်ကူးယဉ်လို့ ကောင်းနေစေပါလိမ့်မယ်။
(၁) လီဗာပူး
ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ဒီရာသီမှာ အဓိကဆုဖလား အားလုံးအတွက် ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်သလို သမိုင်းတွင်အောင် လုပ်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ ချန်ပီယံလိဂ် လမ်းကြောင်းမှာ မရဏာအုပ်စုနဲ့ ရှုံးထွက်မှာ အင်တာတို့ကို ထိပ်တိုက်တွေ့ခဲ့တဲ့ လီဗာပူးဟာ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်မှာတော့ အနည်းငယ် အတွဲချောင်ခဲ့ပါတယ်။
ဆီမီးအဆင့်မှာ ဗီလာရီးရဲလ်နဲ့ ထိပ်တိုက်တွေ့ရမှာဖြစ်ကာ လီဗာပူးက ဗိုလ်လုပွဲကို ရောက်နိုင်မယ်လို့ ရေပန်းစားနေပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံး ခြေစွမ်းတည်ငြိမ်မှု ပြသထားပေမယ့် ဒီနောက်ပိုင်း ခြေစွမ်းတွေအရ လီဗာပူးက ပမာဏ သေးသေးလေးနဲ့ အသာစီး ရရှိနေပါပြီ။ အက်ဖ်အေဖလားမှာ ယာဂင်ကလော့ပ်ရဲ့ အသင်းက မန်ချက်စတာကလပ်ကို ဖြုတ်ချခဲ့သေးတာ ဖြစ်ပါတယ်။
