ဒီကနေ့ည ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်မယ့် မန်စီးတီး ခံစစ်သမား (၃) ဦး

မန်စီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲအတွက် အစွန်နေရာမှာ အားနည်းမှုတွေ ရှိနိုင်တယ်လို့ သိရပါတယ်။

ညာအစွန်လူ ဝေါ်ကာနဲ့ ဂျွန်စတုန်းတို့ဟာ ဒဏ်ရာတွေကြောင့် ဒီညပွဲကို လွဲနိုင်ပါတယ်။ ဝေါ်ကာဟာ ဝတ်ဖိုဒ့်ကို ၅-၁ နဲ့ အနိုင်ရတဲ့ပွဲကို လွဲချော်ထားပြီး ဂျွန်စတုန်းကလည်း ထိခိုက်မှုကြောင့် လွဲချော်ခဲ့တာဖြစ်တယ်။ သူတို့ရဲ့ ကြံ့ခိုင်မှုကို စောင့်ကြည့်နေပေမယ့် ပါနိုင်မလားက ပွဲနီးကပ်မှ သိရမှာဖြစ်ပါတယ်။

ဒါ့အပြင် အစွန်လူ ကန်ဆယ်လိုကလည်း ဒီရာသီ ချန်ပီယံလိဂ်မှာ အဝါကဒ် ၃ ကြိမ် ရထားခဲ့တာကြောင့် ပွဲပယ်ခံထားရပြီး ပထမအကျော့ကို လွဲချော်သွားမှာပဲ ဖြစ်ပါတယ်။ ကလပ်ရဲ့ ကြံ့ခိုင်မှုတွေအကြောင်း မေးခွန်းထုတ်ခံရချိန်မှာ ဂွာဒီယိုလာက အစွန်သမားတွေ လေ့ကျင့်ရေး မဆင်းနိုင်မှုကို ထုတ်ပြောခဲ့တယ်။

ဂွာဒီယိုလာက ” ဝေါ်ကာနဲ့ စတုန်းတို့က ပါဝင်ဖို့ မသေချာပါဘူး။ ပြီးခဲ့တဲ့ အပတ်ကစပြီး ၁၀ ယောက်လောက် သူတို့တွေ လေ့ကျင့်ရေး မဆင်းထားနိုင်ဘူး။ စတုန်းက ဘရိုက်တန်ပွဲပြီးတည်းက အသင်းနဲ့ လေ့ကျင့်ရေး မဆင်းနိုင်ပါဘူး။ သူတို့ အခြေအနေ ဘယ်လိုနေလဲ စောင့်ကြည့်နေပါတယ်။ ပွဲမတိုင်ခင်မှာ သူတို့နဲ့ စကားပြောပြီး ဆုံးဖြတ်ချက် ချသွားမှာပါ ” လို့ ဆိုခဲ့တယ်။

လာလီဂါမှာလည်း ဒဏ်ရာ ပြဿနာအချို့ ရှိနေတယ်လို့ သိထားရပြီး ဒီပွဲမှာ လူစာရင်း အပြည့်ကို ထုတ်သုံးနိုင်မယ်လို့ အန်ဆယ်လော့တီက အာမမခံပါဘူး။ သူတို့အသင်းမှာ ဟာဇက်၊ ဂျိုဗစ်နဲ့ မာရီယာနိုတို့ကလည်း ဒဏ်ရာတွေကြောင့် မန်ချက်စတာကို ထွက်ခွာလာတဲ့ ခရီးစဉ်မှာ ပါဝင်မလာခဲ့တာဖြစ်တယ်။

ဒီပွဲမှာ တောင့်တင်းတဲ့ လူစာရင်းကို ထုတ်သုံးနိုင်မလားအတွက် အန်ဆယ်လော့တီက ‘ မန်ဒီက အဆင်ပြေပါတယ်။ အလာဘာက အနည်းငယ် သံသယရှိစရာပါပဲ။ ကက်စမဲရိုက ပိုပြီး သံသယရှိစရာဖြစ်ပါတယ်။ သူကလည်း လုပ်နိုင်သမျှ အားလုံးကို ကြိုးစားနေပါတယ်။ ပထမအကျော့မှာ မကစားနိုင်ရင်တောင် ဒုတိယအကျော့မှာ ကစားနိုင်ပါလိမ့်မယ် ‘ လို့ ဆိုသွားခဲ့ပါတယ်။