မျက်နှာကြီးရာ ဟင်းဖတ်ပါနေတဲ့ UEFA ကို ထိပ်တိုက်ရင်ဆိုင်မယ့် ပရီးမီးယားလိဂ် ပရိသတ်များ

ပရီးမီးယားလိဂ်ရဲ့ ကြီး ၆ ကြီး မဟုတ်တဲ့ ကလပ်အသင်းတွေဟာ ချန်ပီယံလိဂ်မှာ စူပါလိဂ်ဆန်ဆန် အသင်းကြီးတွေကို ပစားပေးမယ့် စည်မျဉ်းသစ်ကို ဆန့်ကျင်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်ပြိုင်ပွဲ စနစ်သစ်မှာ ကလပ် ၄ သင်း ထပ်တိုးတဲ့အခါ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ၂ သင်းကို ထပ်တိုး ဝင်ခွင့်ပေးမှာဖြစ်တယ်။ ဒါပေမယ့်လို့ အင်္ဂလန်ရဲ့ ထိပ်တန်းအသင်းတွေကို မျက်နှာသာပေးမှုအဖြစ် စွမ်းဆောင်ရည်နဲ့ မဆိုင်တဲ့ ဝင်ခွင့်ပေးမှု ပုံစံတစ်မျိုးကိုလည်း ထည့်သွင်းဖို့ ပြင်ဆင်လာနေတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် wildcard လို့ ဆိုရမယ့် အဆိုပါ ရွေးချယ်မှုဟာ မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီး၊ စပါး၊ အာဆင်နယ်၊ ယူနိုက်တက်တို့ထဲက တစ်သင်းကို လိဂ်တွေမှာ သူတို့ရဲ့ စွမ်းဆောင်ရည်အစား ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ‘UEFA Club Co-efficient’ အရ ဝင်ခွင့် တစ်နေရာပေးဖို့ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့် ထိပ်ဆုံးလေးသင်းထဲ မဝင်ရင်တောင် ပြိုင်ပွဲထဲ ပါဝင်နိုင်ရေး လမ်းပွင့်နေဦးမှာဖြစ်တယ်။

ဒီသတင်းတွေက ပြီးခဲ့တဲ့ လမှာတင် စတင် ထွက်ပေါ်လာနေပြီး ဝေဖန်မှုတွေ အမျိုးမျိုး ထွက်ပေါ်နေတာဖြစ်တယ်။ စနစ်သစ်အတွက် ဝင်ခွင့်ပုံစံသစ်ကို မေလ ၁၀ ရက်နေ့ ဗီယင်နာမှာ ပြုလုပ်မယ့် အမှုဆောင်ချုပ် အစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်ကြဖွယ်ရှိပါတယ်။

ပရီးမီးယားလိဂ် အားပေးသူများ အဖွဲ့အစည်းက စူပါလိဂ်ဆန်ဆန် အဆိုပါ ရွေးချယ်မှုကို ကန့်ကွက်မှာဖြစ်ပြီး ယူအီးအက်ဖ်အေနဲ့ ထိပ်တိုက်တွေ့ဖို့ စီစဉ်ထားပါတယ်။ ၎င်းတို့ကတော့ “ ဥရောပ စူပါလိဂ်ရဲ့ အကြံဉာဏ်မျိုးတွေကို ပြန်လည် သုံးစွဲဖို့ လမ်းဖွင့်လာနေတဲ့ ချန်ပီယံလိဂ် ပုံစံသစ် အဆိုပြုမှုတွေကို ကျနော်တို့ ပရိသတ်တွေက စုပေါင်းပြီး ဆန့်ကျင်ပါမယ် ” လို့ တရားဝင် စာထုတ်ခဲ့ပါတယ်။

ဝက်ဟမ်းနည်းပြ မိုယက်စ်ကလည်း “ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်အတွက် အသင်းအားလုံးကို အခွင့်အရေး ပေးရမှာပါ။ အသင်းငယ်တွေကလည်း အသင်းကြီးတွေနဲ့ တန်းတူ ဆက်ဆံခံရဖို့ မျှော်လင့်ပါတယ်။ အားလုံးကို အရည်အချင်းနဲ့ပဲ ဆုံးဖြတ်သင့်ပါတယ် ” လို့ ထုတ်ပြောထားတာဖြစ်တယ်။

အင်္ဂလန်လိဂ်မှာတော့ အသင်းငယ်တွေဟာလည်း အသင်းကြီးတွေနည်းတူ မဲပေးခွင့်တွေ ပိုင်ဆိုင်ထားတာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပတ်သက်လို့ ကြီး ၆ ကြီး ပြင်ပ ကလပ်တွေနဲ့ ပရိသတ်တွေက ယူအီးအက်ဖ်အေရဲ့ အစီအစဉ်တွေကို ကန့်ကွက်မှာဖြစ်ပေမယ့် သူတို့မှာ အဲ့လို လုပ်ပိုင်ခွင့်မျိုး ရနိုင်ပါ့မလားကို ဆက်ပြီး စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။