ချယ်ဆီးအသင်းကို ပွဲချိန်တွင်း ၃-၁ ဖြင့် အရေးနိမ့်ခဲ့ပေမယ့်လို့ အချိန်ပို ဆက်ကစားရာမှာ ဘန်ဇီမာရဲ့ သွင်းဂိုးကြောင့် နှစ်ကျော့ပေါင်း ၅-၄ ရလဒ်နဲ့အတူ ရီးရဲလ်မက်ဒရစ်က ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့ပါပြီ။
ရီးရဲလ်မက်ဒရစ်အတွက် အရေးပါတဲ့ သွင်းဂိုးကတော့ မိုဒရစ်ရဲ့ အံ့မခန်း ပေးပို့မှုကနေ တစ်ဆင့် ရိုဒရီဂိုက လှလှပပ ပိတ်သွင်းခဲ့တာဖြစ်တယ်။ အဲ့လိုတွေ လုပ်နိုင်ခဲ့ပေမယ့် ဘလွန်းဒီအော့ ဆုရှင်ဟောင်းဟာ ပြိုင်ဘက် ချယ်ဆီးအသင်းကို အသိအမှတ်ပြုခဲ့ပြီး ကစားသမားဘဝ အခက်ခဲဆုံး ပြိုင်ဘက်ပါလို့ တင်စားခဲ့ပါတယ်။

မိုဒရစ်က ” တကယ်ကို မယုံနိုင်စရာဘဲ။ ပွဲနဲ့ ပတ်သက်ပြီး ဖော်ပြလို့တောင် မရတော့ဘူး။ ဂိုးမသွင်းနိုင်ခင်အထိ ကျနော်တို့က သေနေခဲ့တာပါ။ ချယ်ဆီးက သွင်းဂိုး ၃ ဂိုးထိ သွင်းယူခဲ့တယ်။ ကျနော်တို့ ဆိုးရွားတဲ့ ပွဲတစ်ပွဲကို ကစားခဲ့တယ်လို့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ချယ်ဆီးက သူတို့ရဲ့ အခွင့်အရေးတွေကို အရယူခဲ့တယ်။ ကျနော်တို့ကလည်း အရှုံးမပေးခဲ့ပါဘူး။
ပရိသတ်တွေက ဆက်ပြီး အားပေးနေခဲ့သလို ကျနော်တို့ကလည်း အရှုံးမပေးခဲ့ဘူး။ ပရိသတ်တွေရဲ့ အားပေးမှုက ပွဲကို အလှည့်အပြောင်း ပြုလုပ်နိုင်ဖို့ရာ တွန်းအားဖြစ်စေခဲ့တယ်။ ဒီပြိုင်ပွဲမှာ အတွေ့အကြုံကလည်း အကူအညီ ဖြစ်ခဲ့ပါတယ်။
ချယ်ဆီးက ကျနော်ရဲ့ ကစားသမားဘဝ အခက်ခဲဆုံး ပြိုင်ဘက်အသင်းဖြစ်ပါတယ်။ သူတို့ သွင်းဂိုး ၃ ဂိုးယူခဲ့ရာမှာ ပထမဂိုးကတော့ ကံကောင်းပြီး လမ်းကြောင်းပြောင်း ဝင်သွားခဲ့တာပါ။ အခွင့်အရေးကောင်းတွေကို သူတို့တွေ ကောင်းကောင်း အသုံးချခဲ့တယ်။
ချယ်ဆီးပွဲတွေ အများကြီးကို ကျနော် ကြည့်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲ့မှာ ကျနော် သူငယ်ချင်း ကိုဗာဆစ် ရှိတယ်လေ။ သူတို့က အရမ်းကို ခက်ခဲတဲ့ ရုပ်ပိုင်းဆိုင်ရာ အသင်းတစ်သင်းဖြစ်ပြီး အရမ်းလည်း ကျစ်လစ်ပါတယ်။ ဒီပွဲက ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိခဲ့ပါတယ် ” ဆိုပြီး ချီးကျူးခဲ့တာဖြစ်ပါတယ်။
ဒီည မက်ဒရစ်မှာပဲ ယှဉ်ပြိုင်ကြမယ့် အက်သလက်တီကိုနဲ့ မန်စီးတီးပွဲမှ အနိုင်ရလာမယ့် အသင်းဟာ ဆီမီးဖိုင်နယ် အဆင့်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။
