ဇ မရှိတဲ့ ကွင်းလယ်ဒိုင်ကြောင့် မကျေနပ်ဘူးလို့ ရီးရဲလ်မက်ဒရစ်နဲ့ ပွဲအပြီး တူချယ် ပေါက်ကွဲ

ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်ကို အချိန်ပိုမှာ ဘန်ဇီမာရဲ့ သွင်းဂိုးနဲ့ အရေးနိမ့်အပြီး ပွဲကို ကြီးကြပ်တဲ့ ကွင်းလယ်ဒိုင်ကို ချယ်ဆီးနည်းပြ တူချယ်က ပြင်းထန်စွာ ဝေဖန်လိုက်သလို လာလီဂါကလပ်နဲ့ ရင်ဆိုင်ပြီဆိုရင် ဒိုင်တွေက သတ္တိနည်းလှတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဗာနာသွင်းဂိုး မတိုင်ခင် ချယ်ဆီးရဲ့ တတိယမြောက် သွင်းဂိုးကို VAR က ပယ်ဖျက်ခဲ့တာပါ။ အဆိုပါ အခြေအနေမှာ ကွင်းလယ်ဒိုင်က ဖြစ်ရပ်ကို ပြန်မကြည့်သလို VAR ရဲ့ နောက်ကွယ်က ပြောဆိုမှု တစ်ခုတည်းကိုပဲ အတည်ပြုသွားခဲ့တာဖြစ်တယ်။ မျှတတဲ့ ပွဲတစ်ပွဲဖြစ်ဖို့မှာ မဖြစ်သင့်တဲ့ အချက်လို့ တူချယ်က မြင်ပါတယ်။

ဒါ့အပြင် ပွဲပြီးလို့ ဒိုင်ကို သွားနှုတ်ဆက်ချိန်မှာ ကွင်းလယ်ဒိုင်က ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီနဲ့ ပျော်ရွှင် အဖွဲ့ကျနေခဲ့တယ်။ နှစ်သင်း ရေကုန်ရေခန်း ယှဉ်ပြိုင်ရတဲ့ ပွဲတစ်ပွဲအပြီး ဒီဖြစ်ရပ်ဟာ ပြိုင်ဘက်နည်းပြနဲ့ အသင်းကို မလေးစားတဲ့ လုပ်ရပ်လို့လည်း တူချယ်က မြင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ကစားရချိန်မှာ ဒိုင်လူကြီးတွေက မှန်ကန်နေဖို့ ဇမရှိပါဘူးလို့ တူချယ်က ဝေဖန်သွားခဲ့တယ်။

သောမက်စ် တူချယ်က ” ကာလိုစ့်နဲ့ ပွဲကျနေတဲ့ ကွင်းလယ်ဒိုင်ကို ကျနော် စိတ်ပျက်ခဲ့တယ်။ ပွဲပြီးလို့ သူ့ကို လက်ဆွဲနုတ်ဆက်ပြီး ပွဲအတွက် ကျေးဇူးပါလို့ သွားပြောမယ့် အချိန်မှာ သူက ပြိုင်ဘက် နည်းပြနဲ့ ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင်ဖြစ်နေတယ်။

ပွဲချိန် ၁၂၆ မိနစ် လုံး နှလုံးအိမ်ထဲကနေကို ပေးဆပ်လာခဲ့တဲ့ အသင်းတစ်သင်းအတွက် ပွဲပြီး ခရာမှုတ်ချိန် ဒါမျိုး မြင်ရတာက မဖြစ်သင့်ဘူးလို့ ကျနော် ထင်မိတယ်။ ပွဲပြီး သွားနုတ်ဆက်တဲ့ အချိန်ကျမှ ဒိုင်လူကြီးက အခြားနည်းပြတစ်ယောက်နဲ့ ကွင်းလယ်ဒိုင်တို့ ရယ်မော ပျော်ရွှင်နေကြတာက ဆိုးရွားတဲ့ကိစ္စပဲ။ ဒါကို သူ့ကိုလည်း ပြောပြခဲ့ပါတယ်။

ဒီတစ်နေ့တည်းလည်း မဟုတ်ဘူး။ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ကစားရချိန်တိုင်း ဘယ်ဒိုင်လူကြီးမှ သတ္တိရှိကြတယ်လို့ မထင်ပါဘူး။ ပထမအကျော့တုန်းက ဆုံးဖြတ်ချက် အချို့ကော ဒီကနေ့မှာပါ အတူတူပါပဲ။

သွင်းဂိုးကို မမြင်လိုက်ပေမယ့်လို့ ကွင်းလယ်ဒိုင်က ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့အတူ ထွက်လာကြည့်တာတောင် မလုပ်တာကို အရမ်း စိတ်ပျက်ခဲ့ရတယ်။ ထိုင်ခုံမှာ ထိုင်နေတဲ့ အခြားသူ တစ်ဦးဦးက ဆုံးဖြတ်သွားတာကို ခံယူမယ့်အစား ကွင်းလယ်ဒိုင်က ဦးဆောင်သူတစ်ဦးလို ဆုံးဖြတ်မှု လုပ်ပေးသင့်တာဖြစ်ပါတယ် ” လို့ ပြောဆိုသွားတာပဲ ဖြစ်ပါတယ်။

ဒီပွဲ အနိုင်ရခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဆီမီးဖိုင်နယ်မှာတော့ မန်စီးတီးနဲ့ အက်သလက်တီကို အတွဲကနေ တက်လာတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။