လီဗာပူးနဲ့ မန်စီးတီး ချန်ပီယံလိဂ် ဖိုင်နယ်တောင် မရောက်ဘူးဆိုတဲ့ သရဲနီဟောင်း ရှမိုက်ကယ်

ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်လို့ သုံးသပ်ချက် လုပ်ကြရာမှာ လီဗာပူးနဲ့ မန်စီးတီးတို့က ဒီရာသီ ချန်ပီယံလိဂ် ဖိုင်နယ်ကို ရောက်မှာ မဟုတ်ဘူးဆိုတဲ့ ပီတာ ရှမိုက်ကယ်ရဲ့ ခန့်မှန်းချက်ကြောင့် ဂျေမီကာရေဂါတစ်ယောက် အံ့အားသင့်ခဲ့ရပါတယ်။

အင်္ဂလန်နှစ်သင်းဟာ ဒီရာသီမှာ ဆုဖလားသုံးလုံးအတွက် ထိပ်တိုက်ရင်ဆိုင်နေရပြီး ဒီတနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ဖလား အဆုံးအဖြတ် ပေးနိုင်တဲ့ပွဲ၊ နောက်တစ်ပတ်မှာ အက်ဖ်အေဖလားနဲ့ ဆီမီးဖိုင်နယ်တို့မှာ ထိပ်တိုက်တွေ့နေတာပါ။

စီးတီးဟာ မနေ့က အက်သလက်တီကို မက်ဒရစ်ကို ၁-ဝ၊ လီဗာပူးကို ဘင်ဖီကာကို ၃-၁ နဲ့ အသီးသီး အနိုင်ရထားခဲ့တယ်။ နှစ်သင်းလုံးဟာ ချန်ပီယံလိဂ် ကွားတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ် အဆင့်တွေမှာ သက်ဆိုင်ရာ ပြိုင်ဘက်တွေကို အနိုင်ရမယ်ဆိုရင် ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာပါ တွေ့ရနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။

စတူဒီယိုအတွင်း ခန့်မှန်းမှု အသေးစားလေးတွေ လုပ်ကြရာမှာ ကာရေဂါနဲ့ မီကာရစ်ချတ်က သူတို့ အသင်းဟောင်းတွေဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒါပေမယ့် မန်ယူနိုက်တက် ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်ရဲ့ ခန့်မှန်းချက်ကတော့ သူတို့ကို အံ့ဩစေခဲ့ပါတယ်။

ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်က ချယ်ဆီးကို အနိုင်ရလိမ့်မယ်လို့ ရှမိုက်ကယ်က ဆိုလိုက်ပြီး ဆီမီးဖိုင်နယ်ကို ရီးရဲလ်၊ မန်စီးတီး၊ လီဗာပူး၊ ဘိုင်ယန်တို့ ရောက်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမယ့် ဖိုင်နယ်မှာတော့ လီဗာပူးနဲ့ စီးတီးမဟုတ်ပဲ ရီးရဲလ်နဲ့ ဘိုင်ယန်တို့ တွေ့ကြလိမ့်မယ်လို့ ဆိုပြီး လုပ်ဖော်ကိုင်ဖက်တွေကို ထပ်မံအံ့ဩစေခဲ့တာပါ။

ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အင်္ဂလန်ကလပ်တွေ တစ်သင်းမှ ရောက်လာဖို့ မရှိဘူးလို့ ရှမိုက်ကယ် ရွေးချယ်ခဲ့တဲ့ အချိန်မှာ ကာရေဂါက “အိုး။ အသာလုပ်ပါ။ ခင်ဗျားဘာတွေ ပြောနေတာလဲ”လို့ တုံ့ပြန်ခဲ့ပါတယ်။

ရှမိုက်ကယ်ကပဲ “ မန်စီးတီးနဲ့ လီဗာပူးကြား ဖြစ်နေတာတွေက အရမ်းများလွန်းတယ်။ ဖိအားတွေ အရမ်းများနေတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်က သူတို့လိဂ်တွေမှာ အပြတ်အသတ် အသာစီး ရနေပြီး ကစားသမားတွေကို အနားပေးပြီးတော့ ဒီအတွက် ပြင်ဆင်နိုင်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးက အဲ့လိုလုပ်လို့ မရဘူး။ ပရီးမီးယားလိဂ်မှာ ဒီလိုကာလက ဘယ်လောက် ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ ကိုယ်တိုင် ကစားခဲ့ဖူးလို့ သိပါတယ်။ နည်းနည်းလေး မှားလိုက်တာနဲ့ အားလုံး ပျက်ဆီးကုန်မယ်။ ဒီနှစ်မှာ ဘိုင်ယန်က ချန်ပီယံလိဂ်ဖလား ရမှာပါ ” လို့ ရှင်းပြသွားခဲ့ပါတယ်။