လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲအဖြစ် အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ပြီး ဘင်ဖီကာကို ၃-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။
လီဗာပူးရဲ့ သွင်းဂိုးတွေကို တိုက်စစ်သမားတွေဖြစ်တဲ့ မာနေး၊ ဒီယက်စ်တို့ ရယူပေးခြင်းဖြစ်ကာ အဖွင့်ဂိုးကတော့ ခံစစ်မှူး ကိုနာတေးက ခေါင်းတိုက် သွင်းယူခဲ့တာဖြစ်တယ်။ ကိုနတေးရဲ့ ပေါ့ဆမှုကြောင့်ပဲ ခြေပဂိုး ပြန်ပေးရကာ လီဗာပူးက ဖိအားဝင်ခဲ့ပေမယ့် ဒီယက်စ်ရဲ့ တတိယမြောက် သွင်းဂိုးက ယာဂင်ကလော့ပ်ရဲ့ အသင်းကို အိမ်အပြန် မျက်နှာပန်းလှစေခဲ့ပါတယ်။

ပွဲအပြီးမှာ တိုက်စစ်မှူးဟောင်း ပီတာ ခရော့က ” ပထမပိုင်းမှာ လီဗာပူးက သက်သောင့်သက်သာ ဆိုပေမယ့် ဘင်ဖီကာကိုလည်း အသိအမှတ် ပြုရမယ်။ သူတို့က ကိုယ်ဘာသာ ကြိုးစားမှုနဲ့အတူ အခွင့်အရေးကောင်းတွေကို ရယူပြနိုင်ခဲ့တယ်။
ဒုတိယပိုင်းမှာ လီဗာပူးက ခြေချော်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ဥရောပ ရှုံးထွက်အဆင့် အဝေးကွင်းမှာ ၃-၁ အနိုင်ရအောင် သူတို့ စွမ်းဆောင်နိုင်ဆဲပါ။ လီဗာပူးက နှေးကွေးမှုတွေ ဖြစ်ရင်တောင်မှ ရလဒ်ကောင်းကို ရယူပြနိုင်ဆဲပဲ ဖြစ်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တယ်။
လီဗာပူးအသင်းဟာ ၂-၁ နဲ့ အနိုင်ရထားခဲ့ပြီး ဒုတိယပိုင်း ပြီးခါနီမှာ ဒီယက်စ်က တစ်ဂိုး ထပ်သွင်းနိုင်လို့ ဒုတိယအကျော့ပွဲစဉ် မတိုင်ခင် ၂ ဂိုး အသာရထားခဲ့ပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာက အဝေးဂိုး စည်းမျဉ်း မပါတော့တာမို့ အခုလို ဂိုးပြတ်ထားတာက လီဗာပူးအတွက် ရလဒ်ကြီးတစ်ခု ဖြစ်လာစေတာပါ။
တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က ” ဒီယက်စ်ရဲ့ သွင်းဂိုးက သိပ်ကို အရေးကြီးခဲ့တယ်၊ အရေးပါခဲ့ပါတယ်။ အဲ့ဂိုးကပဲ ဘင်ဖီကာတို့ရဲ့ အသဲကို ဓါးနဲ့ခွဲလိုက်တာပါပဲ။ လီဗာပူးကစားတာ ကျစ်လစ်ခဲ့ပါတယ်။ အေဂျက်နဲ့ပွဲမှာ ဘင်ဖီကာက ပွဲထဲမှာ ဆက်ရှိနေဆဲဆိုတာ ပြသခဲ့ပေမယ့် လီဗာပူးက ရလဒ်ကြီးတစ်ခု ရယူပြခဲ့တာပါ ” ဆိုပြီး ချီးကျူးခဲ့တာဖြစ်ပါတယ်။
ဒီအပတ်အကုန်မှာတော့ လီဗာပူးအသင်းဟာ မန်စီးတီးရဲ့ အိမ်ကွင်းထံ သွားရောက်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာအတွက် အရေးပါတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရဖို့ ရှိနေတာဖြစ်ပါတယ်။
