ဝုဗ်အသင်း အကူအညီနဲ့အတူ လီဗာပူးအသင်း နည်းစနစ်တွေကို လေ့လာခွင့်ရထားတဲ့ ဘင်ဖီကာ

ပေါ်တူဂီကလပ် ဘင်ဖီကာဟာ အင်္ဂါနေ့မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မတိုင်ခင် အဖိုးတန်တဲ့ အထောက်အပံ့တစ်ချို့ကို ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းထံက လက်ခံရရှိခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ရေး ရည်မှန်းချက်တွေ ရှိနေကာ ကလော့ပ်ရဲ့ အသင်းကို ခက်ခဲအောင် လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ သူတို့က ထိပ်တိုက်တွေ့မှုမှာ ရေပန်းမစားတဲ့ အောက်အသင်းအဖြစ် ဒီပွဲကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လက်ရှိ ဝုဗ်နည်းပြ ဘရူနိုလက်ဂ်ဟာ ၁၈ လကြာ ဘင်ဖီကာနည်းပြ ဖြစ်ခဲ့ဖူးပြီး ၂၀၁၉ တုန်းက သူတို့ကို လိဂ်ဖလား အောင်မြင်စေခဲ့တာပါ။ အခု ၃ နှစ် ကြာပြီးနောက် ဘင်ဖီကာဟာ လီဗာပူးနဲ့ ပွဲအတွက် အကျိုးကျေးဇူးရရှိဖို့ နည်းပြဟောင်းနဲ့ အဆက်အသွယ်ကို အသုံးပြုခဲ့ပါတယ်။

ဘရူနိုလက်ဂ်နဲ့ ဘင်ဖီကာနည်းပြ ဗာရီဆီမိုကြားမှာ တိုက်ရိုက် ဆက်သွယ်မှု မရှိခဲ့ပေမယ့် နှစ်သင်း နည်းစနစ် စိစစ်သူတွေကြားမှာ အဆက်အသွယ် ရှိနေတာပါ။ ဝုဗ်ဟာ လီဗာပူးနဲ့ ပတ်သက်ပြီး သူတို့ သိထားတဲ့ အချက်အလက်တွေကို ပေါ်တူဂီအသင်းထံ မျှဝေခဲ့တယ်။ ဘင်ဖီကာဟာ ဝုဗ်ကပေးတဲ့ ဒေတာတွေအရ လီဗာပူးအသင်းရဲ့ ခံစစ်နဲ့ တိုက်စစ် လုပ်ဆောင်ပုံတွေကို လေ့လာသုံးသပ်နိုင်ခဲ့ပါတယ်။

မိုဆာလာနဲ့ မာနေးတို့ တိုက်စစ်ကစားသမားတွေအပြင် ထရန့်နဲ့ ရော်ဘတ်ဆန်တို့လို အစွန် နောက်ခံလူတွေရဲ့ တိုက်စစ်လှုပ်ရှားမှုတွေအပေါ် အဓိက အားပြုလေ့လာခဲ့တာ ဖြစ်ပါတယ်။ လွှမ်းမိုးနိုင်တဲ့ ကွင်းလယ်လူ သီယေဂို ကွင်းထဲရှိနေရင် လီဗာပူးရဲ့ ကစားပုံက ဘယ်လို ပြောင်းလဲသွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာမှာ လီဗာပူးနဲ့ ကစားခဲ့စဉ်က ဝုဗ်အသင်းရဲ့ စွမ်းဆောင်ရည်အရ ဝုဗ်ဆီက အချက်အလက်တွေဟာ အတော်လေးကို တန်ဖိုးရှိနိုင်ပါတယ်။ သူတို့ဟာ တချိန်လုံး လီဗာပူးကို ဖိအားပေးခဲ့ပြီး တခါတလေမှာ ပွဲကို အနိုင်ရရှိနိုင်လောက်အောင် လုပ်ပြနိုင်ခဲ့သလို အဲ့ဒီ့နေ့မှာ လီဗာပူးတို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

ဝုဗ်ဟာ ဖလားစိန်ခေါ်သူတွေနဲ့ ဂိုးမရှိ သရေကျဖို့ နီးစပ်ခဲ့ပေမယ့် အချိန်ပို လေးမိနစ်မှာ အိုရီဂီနဲ့ နောက်ကျ အနိုင်ဂိုးကြောင့် ပျက်ဆီးသွားခဲ့ရတာပါ။ ဘင်ဖီကာအနေနဲ့ ဝုဗ်ဆီက အချက်အလက်တွေကို အသုံးပြုပြီးကွင်းထဲမှာ ကောင်းကောင်း စွမ်းဆောင်နိုင်ရင် ကလော့ပ်ရဲ့ ဖလားလေးလုံး မျှော်လင့်နေတဲ့အသင်းအတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲကို ဖြစ်စေမှာပါ။

ဘင်ဖီကာဟာ ဒီအချက်အလက်တွေကို ကောင်းကောင်းအသုံးချပြီး ဒီရာသီ ချန်ပီယံလိဂ်ရဲ့ အကြီးမားဆုံး စိတ်ပျက်စရာတစ်ခု ဖြစ်အောင် လုပ်ပြဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။