ကမ္ဘာအကောင်းဆုံး ဘယ်အစွန်လူတောင် မထိန်းချုပ်နိုင်လောက်ဘူး ချီးကျူးခံရတဲ့ ဆာကာ

အက်စ်တွန်ဗီလာ ဂန္တဝင် အဘွန်လဟောဟာ ဗီလာပက်ခ်မှာ ဆာကာရဲ့ စွမ်းဆောင်မှုကို မျက်မြင် ကြုံတွေ့ခဲ့ရသလို ၁၆ နှစ် ပိုငယ်တဲ့ ဆာကာရဲ့ ကျော်ဖြတ်ခံခဲ့ရတဲ့ အသင်းဖော်ဟောင်း အက်ရှ်လေယန်းအတွက် အတော်လေး စာနာသနားနေခဲ့တာပါ။

အက်စ်တွန်ဗီလာကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအတွင်း ဆာကာရဲ့ ခြေထောက်ကနေ ဘောလုံးလွတ်ထွက်သွားတယ်ဆိုတာ ရှားပါးခဲ့ပြီး ၎င်းဟာ ပွဲရဲ့ အဓိက ကစားသမားဖြစ်ခဲ့ပါတယ်။ အဘွန်လဟောကတော့ ဆာကာဟာ ကမ္ဘာ့အကောင်းဆုံး ဘယ်အစွန်လူတောင် ထိန်းချုပ်နိုင်မှာ မဟုတ်တဲ့ မယုံကြည်နိုင်စရာ ခြိမ်းခြောက်မှုတွေကို ပြသခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။

ဒီရာသီမှာ ဆာကာဟာ လိဂ် ၂၈ ပွဲအတွင်း ၉ ဂိုးသွင်း၊ ၅ ဂိုးဖန်တီးခဲ့ထားသလို ဗီလာနဲ့ပွဲမှာ နောက်ထပ် အရေးပါတဲ့ သွင်းဂိုးတစ်ဂိုးကို အဝေးကနေ ကန်သွင်းပြခဲ့တာ ဖြစ်ပါတယ်။ သူရှိနေတဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ထိပ်ဆုံးလေးနေရာအတွက် တစ်နေရာကို ခိုင်ခိုင်မာမာ ဆွဲကိုင်လာခဲ့ပါတယ်။

“ ဆာကာက မယုံနိုင်စရာကောင်းတဲ့ ခြိမ်းခြောက်မှု တစ်ခုလိုပါပဲ။ ပွဲပြီးတော့ အက်ရှ်လေယန်းကိုတောင် ကျွန်တော်ပြောခဲ့ပါသေးတယ်။ ‘ကမ္ဘာ့အကောင်းဆုံး ဘယ်အစွန်လူတောင် ဒီနေ့ ဆာကာကို ထိန်းချုပ်ပြနိုင်ခဲ့မှာ မဟုတ်ဘူး’လို့။

သူက သိပ်ကြောက်စရာကောင်းခဲ့ပါတယ်။ သန်မာတယ်၊ အဝေးကြီးပြေးတယ်။ သူ့ရဲ့ အရှိန်အဟုန်၊ သူပြေးလွှားတဲ့ လမ်းကြောင်းက သိပ်ဖြောင့်တန်းပြီး ဒီနေ့မှာ သူက ထူးထူးချွန်ချွန် စွမ်းဆောင်ပြခဲ့တာပါ”လို့ ဆိုပါတယ်။

လီဗာပူးကိုအရေးနိမ့်တာကလွဲရင် နောက်ဆုံးကစားတဲ့ ၇ ပွဲအတွင်း ၆ ကြိမ်မြောက် နိုင်ပွဲနဲ့အတူ အရှိန်အဟုန်ကောင်းကို ပြန်လည်တည်ဆောက်ခဲ့တဲ့ အာဆင်နယ် တစ်သင်းလုံးကိုလည်း အဘွန်လဟောက ချီးကျူးခဲ့ပါတယ်။ အာဆင်နယ်ဟာ တစ်ပွဲ ပိုကစားထားတဲ့ အဆင့် ၅ နေရာက မန်ချက်စတာ ယူနိုက်တက်ကို ၄ မှတ်အသာနဲ့ ဦးဆောင်ထားတာပါ။

“ အရင်အချိန်တွေတုန်းက မမြင်ခဲ့ရတဲ့ အာဆင်နယ်အသင်းကို မြင်တွေ့ခဲ့ရပါတယ်။ သူတို့တွေက ပွဲထဲမှာ အရမ်းကို သက်တောင့်သက်သာ ရှိနေခဲ့တာပါ။ ခံစစ်က ဘန်ဝှိုက်၊ ဂေဘရီရယ်၊ တီယာနေးတို့ ကောင်းမွန်ပြီး ကွင်းလယ်နေရာက ပါတေးနဲ့ ရှာကာတို့ကြောင့် ဘွမ်ဒီယာတို့ ကော်တင်ညိုတို့အတွက် ဘောလုံးရယူဖို့ နေရာလွတ်ကို ရှိမနေခဲ့တာပါ။

အိုလီဝက်ကင်းစ်က သီးသန့်ကွဲထွက်နေခဲ့ပြီး အာဆင်နယ်အတွက်တော့ အေးအေးဆေးဆေးနဲ့ နေ့လည်ခင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ရာသီကုန်အထိ ဒီလိုခြေစွမ်းတွေ ဆက်ပြနိုင်ရင် သူတို့တွေ ထိပ်ဆုံးလေးသင်းထဲဝင်မှာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်” လို့ အဘွန်လဟောက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။