ရော်နယ်ဒို ဒေါသထွက်တာ သိပ်ကြောက်ဖို့ကောင်းတယ်လို့ ရွိင်ကိန်း အမွှန်းတင်

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ကိန်းကတော့ စပါးနဲ့ ပွဲမှာ ဟက်ထရစ်သွင်း ခြေစွမ်းပြသွားတဲ့ စီ ရော်နယ်ဒိုဟာ ယခင် မန်ချက်စတာဒါဘီပွဲမှာ ချန်လှပ်ခံရတဲ့ အပေါ် ဒေါသထွက်ပြီး ပေါက်ကွဲပြသွားပုံ ရတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

နည်းပြ ရန်းနစ်က ရော်နယ်ဒိုကို တင်ပါးဒဏ်ရာ ရှိနေတယ် ဆိုပြီး မန်စီးတီးနဲ့ ပွဲမှာ ချန်လှပ်ခဲ့တာပါ။ အဲဒီနောက် ရော်နယ်ဒိုက ပေါ်တူဂီသို့ နည်းပြကို အသိမပေးဘဲ ထ ပြန်သွားခဲ့ပါသေးတယ်။ ဒီတပတ် စပါးနဲ့ ပွဲမှာတော့ ရော်နယ်ဒို ပြန်ပါလာပြီး ခြေစွမ်းပြ ဟက်ထရစ် ဂိုးသွင်းခဲ့ပါတယ်။

” ရော်နယ်ဒို့ကြည့်ရတာ ဒီနေ့ပွဲမှာ စိတ်တို အမျက်ထွက်နေပုံပါပဲ။ သူ ကစားသွားတာ တော်တော်များများမှာ တွန်းတွန်းတိုက်တိုက်နဲ့ အတော် ဇောကပ်နေပုံ ရတယ်။

ပြီးခဲ့တဲ့ အပတ်က ဖြစ်ပျက်ခဲ့တာတွေကြောင့် သူ တစ်ခုခုကို စိတ်တိုနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ကျနော်တို့ မြင်ခဲ့ရတဲ့ ပေါက်ကွဲအားကို ဒီနေ့ပွဲမှာ သူ ထုတ်ပြသွားခဲ့တယ်။ ဒီလူကတော့ တကယ့်ကို ပါရမီရှင်ပဲ။ သိပ်လည်း တော်တယ်။ ဒီနေ့ သူ သွင်းသွားတဲ့ ဂိုးတွေကဆို လုံးဝ အလန်းစားပဲ။

ရော်နယ်ဒိုက ဒီအသင်းအတွက် အများကြီး ယူဆောင်ပေးလာသူပါ။ ဘာလို့ လူတွေက သူ အပတ်တိုင်း မကစားနိုင်ဘူး တို့၊ သူ ဘာမလုပ်နိုင်ဘူး တို့ တွေးနေကြလဲ မသိဘူး။ သူ ဒီနေ့ အမျက်ထွက်နေတာ ပြခဲ့တယ်။ သူက မန်ချက်စတာ ယူနိုက်တက်မှာ အရန်ခုံ ထိုင်ဖို့ ပြန်လာတာ မဟုတ်ဘူးလေ။

ဒီနေ့ ဒေါသထွက်နေတဲ့ ရော်နယ်ဒို ကို ကျနော်တို့ တွေ့ခဲ့ရတယ်။ သူက ပွဲကစားဖို့ အတော်ဆုံး ကစားသမား တစ်ယောက်ပါ။ ဘောလုံးနဲ့ ဂိုးပိုက်နဲ့ ထိအောင် သူက လုပ်ဆောင်ပေးချင်သူပါ။ သူ့ရဲ့ စိတ်ဆန္ဒနဲ့ ထက်သန်မှုကို ဒီနေ့ တွေ့ခဲ့ရတယ်။

အားလုံးထက် သူက နိုင်လိုစိတ် ပိုရှိတယ်။ ဒီကောင်ကတော့ လုံးဝ အသိအမှတ်ပြု ချီးကျူးမှုကြီးတွေ ရသင့်သူပါ။ သူ ဒီလို ဆာလောင် အမျက်ထွက်နေတာ မြင်ရတာ သိပ်ကောင်းတယ်။ ” လို့ ရွိုင်ကိန်းက ပြောဆိုခဲ့ပါတယ်။

ညက သွင်းဂိုးတွေနောက်မှာ ရော်နယ်ဒိုရဲ့ ကစားသမား ဘဝ သွင်းဂိုး ၈၀၇ ဂိုး ထိ ရှိသွားပြီ ဖြစ်ပြီး ဖီဖာရဲ့ ဘောလုံးသမိုင်းမှာ အများဆုံး သွင်းဂိုးရှင်လည်း ဖြစ်လာခဲ့ပါတယ်။ ကစားသမား ဘဝ အနေနဲ့တော့ ရော်နယ်ဒိုရဲ့ ၅၉ ခု မြောက် ဟက်ထရစ်လည်း ဖြစ်ပါတယ်။