မက်ဂွဲရား မဟုတ်ဘဲ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဖြစ်သင့်သူကို ဖာဒီနန် ထောက်ပြ

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ရီယို ဖာဒီနန် က လက်ရှိ ယူနိုက်တက် အသင်းခေါင်းဆောင် တာဝန်ကို မက်ဂွဲရား ယူထားတာက မှားနေတယ်လို့ ယုံကြည်နေပြီး အမှန်တကယ် အသင်းခေါင်းဆောင် ဖြစ်သင့်သူကို ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

ဖာဒီနန် ဖြစ်စေချင်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ကတော့ ဂိုးသမား ဒီဂီယာပါ။

မက်ဂွဲရားဟာ ဇန်နဝါရီ ၂ဝ၂ဝ မှာ အက်ရှ်လေယန်းရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို လွှဲယူဖြစ်ခဲ့ပါတယ်။ ထိုစဉ်က မက်ဂွဲရား ယူနိုက်တက် ရောက်လာတာ ၆ လတောင် မပြည့်သေးပါဘူး။ အင်္ဂလန်သားဟာ တချိန်လုံးလည်း ပရိသတ်တွေ၊ ဘောလုံးဝေဖန်ရေး ဆရာတွေရဲ့ ပြောဆိုမှုတွေ ခံယူခဲ့ရပါတယ်။

ဖာဒီနန် က မက်ဂွဲရား အသင်းခေါင်းဆောင် ဖြစ်နေတာနဲ့ ပတ်သတ်ပြီး – ” မက်ဂွဲရား အသင်းခေါင်းဆောင် ဖြစ်လာတာ သိပ် စောလွန်းခဲ့တယ်လို့ ကျနော် ထင်တယ်။ ဒါက မန်ချက်စတာ ယူနိုက်တက်မှာ ဖြစ်လို့ ခက်ခဲမှုတွေနဲ့ လာတာပါ။ ခြေထောက်ကို မြဲမြဲမြံမြံ ရပ်ဖို့ လိုတယ်။

အသင်းခေါင်းဆောင် ဆိုတဲ့ ဖိအားကို မယူခင် အသင်းမှာ သက်တောင့်သက်သာ ဖြစ်လာဖို့ အရင် လိုတယ်လေ။ အသင်းခေါင်းဆောင် ဖြစ်ဖို့ ဆိုတာ ကြီးမားတဲ့ တာဝန်တွေ လာတာပါ။ အဲဒီအတွက် သမိုင်းကြောင်းတွေလည်း ရှိတယ်။

မင်း ပခုံးပေါ်မှာ တကယ့် ဝန်ထုပ်ကြီး ထမ်းထားရတာ။ အဲဒီ ဝန်ကို ထမ်းသွားဖို့ အတွေ့အကြုံ၊ အချိန်တစ်ရပ် လိုအပ်တယ်။ မက်ဂွဲရားအတွက်က အသင်းခေါင်းဆောင် ဖြစ်ဖို့ထက် ယူနိုက်တက်မှာ အခြေကျဖို့ အာရုံစိုက်ရမှာက ပို အရေးကြီးတာပါ။ ” လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။

ဖာဒီနန်က လက်ရှိ အသင်းမှာ သက်တမ်း အကြာဆုံးကစားသမား ဖြစ်တဲ့ ဂိုးသမား ဒီဂီယာက သာ အသင်းခေါင်းေ်ဆာင် တာဝန်နဲ့ အသင့်တော်ဆုံးလို့ ယူဆထားပါတယ်။

” ဟုတ်ပြီ ဒါဆို ဘယ်သူ့ကို အသင်းခေါင်းဆောင် ရွေးမလဲ မေးလာမယ်ဆိုရင် ကျနော့် ရွေးချယ်မှုက ဒေးဗစ် ဒီဂီယာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ အသင်းမှာ ရှိနေခဲ့တဲ့ ကာလနဲ့ နိုင်ပွဲတွေ ယူဖို့ ဘာလုပ်ရမလဲ ဆိုတာ သူ ကောင်း ကောင်း သိလို့ပဲ။ အသင်းမှာ လူသစ်လို ဖြစ်နေတဲ့ မက်ဂွဲရားမှာ ဒီလို အသိမျိုး မရှိဘူး။ ဒါကြောင့်လည်း သူ့မှာ ဖိအားတွေ များနေတာ။ ” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။