လီဗာပူး V ချယ်ဆီးပွဲ အပါအဝင် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်များ ထွက်ပါပြီ

ပရီးမီးယားလိဂ် ပြိုင်ပွဲကတော့ အပတ်စဉ် ၃ ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ် ပွဲစဉ်တွေ အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မန်စီးတီး Vs အာဆင်နယ်

ပွဲချိန်။ ။ သြဂုတ် ၂၈ ရက်၊ စနေနေ့၊ ညနေ ၆း၀၀ နာရီ။

အာဆင်နယ်ကတော့ လမ်းပျောက်နေတဲ့ ကလပ်အသင်း တစ်သင်းလို ဖြစ်နေပါတယ်။ ခင်ဗျားသာ မီခေးလ် အာတီတာ ဆိုရင် ပွဲတွေ ထပ် စောင့်ကြည့်ဖို့ တောင်းဆိုလိမ့်မယ်၊ သူက ကစားသမားသစ်တွေ အခြေကျဖို့ ကြိုးစားနေရတယ်။ အူဘာမီးယန်းနဲ့ လာကာဇက်တို့လည်း ကြံ့ခိုင်မှု အပြည့်ရဖို့ ကြည့်နေရတယ်၊ ဒါမှ သူ့မှာ အတောင့်တင်းဆုံး လူစာရင်း ရမှာလေ။ အာဆင်နယ်မှာ ကစားသမား ကောင်း တချို့ ရှိပေမယ့် သာမန် ကစားသမားတွေလည်း ရှိတယ်။

ဗုဒ္ဓဟူးနေ့က ကာရာဘောင်းဖလား ပွဲမှာ ဝက်စ်ဘရွန်းကို ၆-၀ နဲ့ နိုင်လိုက်တာက စာရွက်ပေါ်မှာ သိပ်ကောင်းတဲ့ ရလဒ်ပါ။ ဒါပေမယ့် ဝက်စ်ဘရွန်းက လူသစ် ၅ ယောက် စ ပွဲထုတ်သွားပြီး တချို့က ဆယ်ကျော်သက်လေးတွေ ဖြစ်တယ်။ စနေနေ့ မန်စီးတီးကို ရင်ဆိုင်ရာမှာ ကွာခြားတာ ပိုသိသာပါလိမ့်မယ်။

ကျနေ်ာတို့က အာတီတာအပေါ် ပွဲတိုင်း လိုက် သုံးသပ်ဆန်းစစ်နေကြပေမယ်။ ဒီပွဲကတော့ မလိုပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တဖက်က မန်စီးတီး ဖြစ်နေလို့ပါ။ စီးတီးက လိဂ်မှာ ဗိုလ်စွဲဖို့ လူတိုင်း ထင်ထားတဲ့ အသင်း ဖြစ်တယ်။

နိုင်ငံတကာ သီတင်းပတ် အပြီးမှာ အာတီတာ အနေနဲ့ နောက် ငါးပွဲ ခြောက်ပွဲ ဘယ်လို လုပ်မလဲ ဆိုတာ ပို အရေးကြီးလာပါပမယ်။ ဒီပွဲမှာ ၄-ဝ၊ ၅-၀ လောက်ထိ ဂိုးပြတ် ရှုံးလိုက်ရင်တော့ ဖိအားတွေ ပိုများလာပါလိမ့်မယ်။ သူတို့က ကစားသမားသစ်တွေ ခေါ်ဖို့ ပေါင် သန်း ၁၄၀ လောက် သုံးထားတယ်။ ပိုင်ရှင် ခရွန်ကီကလည်း ဒီအခြေအနေကို ကြည့်ပြီး စိုးရိမ်လာမှာပါ။

လော်ရိုး ခန့်မှန်းရလဒ်။ ။ မန်စီးတီး 2-0 အာဆင်နယ်

လီဗာပူး Vs ချယ်ဆီး

ပွဲချိန်။ ။ သြဂုတ် ၂၈ ရက်၊ စနေနေ့၊ ည ၁၁း၀၀ နာရီ။

ဒီနှစ်သင်းလုံးက အရင် နှစ်ပွဲလုံးမှာ သိပ် အစမ်းသပ်ခံထားရတဲ့ အသင်းတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ပတ် ပွဲမှာတော့ အဓိကကျတဲ့ အားပြိုင်မှုက ဗန်ဒိုက်နဲ့ လူကာကူ ဖြစ်လာမှာပါ။ ထိပ်သီးအဆင့် ကစားသမား နှစ်ဦးကြား ယှဉ်ပြိုင်မှုက တကယ်ကို စိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မယ်။

ဒါက လူကာကူ ဘယ်လို ထောက်ပံ့မှုတွေ ရမလဲ ဆိုတာလည်း မူတည်တယ်။ ကမ္ဘာ့အကောင်းဆုံး ဆိုတဲ့ ကစားသမားတွေတောင် စွမ်းဆောင်ရည်နဲ့ ထောက်ပံ့မှုကောင်းတွေ မရရင် မလုပ်ပြနိုင်ပါဘူး။ လီဗာပူးကလည်း ဒါကို တားဆီးပါလိမ့်မယ်။ ဘယ်လ်ဂျီယံသား တိုက်စစ်သမား အတွက်တော့ ခက်ခဲမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူက ပထမတန်းစား ခေါ်ယူမှု တစ်ခုဆိုတာ သံသယ ရှိစရာ မဟုတ်ပါဘူး။

သူက ပရီးမီးယားလိဂ်နဲ့ တကယ်ကို ကိုက်ညီတဲ့ ကစားသမားပါ။ ဒါ့အပြင် သူ့ကို တည်ပြီး လှုပ်ရှားမယ့် ချယ်ဆီးလို အသင်း၊ ဗိုလ်စွဲမယ့် အခွင့်ကောင်းတွေ ရှိတဲ့ အသင်းကို ရောက်လာတာပါ။

ဒီပွဲကတော့ တော်တော် အကြိတ်အနယ် ရှိပါမယ်။ ချယ်ဆီးက ခံစစ်ပိုင်းလည်း ကျစ်လစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ အပြာရောင်တွေ သရေပဲ ယူလောက်ပါတယ်။ ဘောလုံးမှာက ဘာမှ မပေးချင်ရင် ဖွင့် ကစားကြမှာ မဟုတ်ဘူး။ ဘောလုံးရာသီ အစောပိုင်း ဖြစ်ပေမယ့် အန်းဖီးမှာ ချယ်ဆီး အနိုင်ယူပြနိုင်ရင်တော့ တကယ့် ကြေငြာချက်ကောင်း ထုတ်လိုက်သလို ဖြစ်ပါမယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ လီဗာပူး 1-1 ချယ်ဆီး

စပါး Vs ဝက်ဖို့ဒ်

ပွဲချိန်။ ။ သြဂုတ် ၂၉ ရက်၊ တနင်္ဂနွေနေ့၊ ည ရး၃၀ နာရီ။

ဟယ်ရီကိန်းက စပါးမှာ ဆက်နေပါမယ်၊ ဒါက တော့တင်ဟမ် ပရိသတ်တွေ အတွက် တကယ့် အင်အားကြီး တစ်ရပ်ပါ။ ဝုဗ်နဲ့ ပွဲမှာ ကိန်း အရန်ကနေ ဝင်လာတော့ သူတို့က အားပေးမှုကောင်းတွေ လုပ်ခဲ့ပါတယ်။ အဆုံးမှာတော့ လီဗိုင်းက ဒီပွဲမှာ နိုင်သွားခဲ့တာပါ။

နည်းပြ နူနိုအနေနဲ့ ဘောလုံးရာသီ အစကောင်း ပိုင်ဆိုင်ထားသော်ည်း သူတို့ က အဆင့်၄ အတွင်း ဝင်ဖို့ ရေပန်းမစားဘူး ဆိုတာ သိထားပါတယ်။ ဒီနှစ်က သူတို့ ပြန်ကြိုးစားဖို့ အခွင့်ကောင်း ဖြစ်နိုင်ပါတယ်။ ပြသနာက တော့တင်ဟမ်ဟာ သိပ်ကောင်း သိပ် အဆင်ပြေနေပေမယ့် ချက်ချင်းဆိုသလို ထူးဆန်းတဲ့ ရလဒ်တွေနဲ့ ပြန် ကျသွားတတ်တာပါ။

ပရီးမီးယားလိဂ်မှာ ရောက်လိုက်ပြန်ဆင်းလိုက် ဖြစ်နေတဲ့ ဝက်ဖို့ဒ်က ဒီရာသီမှာ ပြန်ရောက်နေပါတယ်။ ဒီရာသီ ဘယ်လို ဖြစ်မလဲ ဆိုတာ သူတို့ အိမ်ကွင်း ရလဒ်တွေပေါ်မှာ တော်တော် မူတည်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဝေးကွင်းပွဲတွေမှာ သူတို့ အမှတ်ရနိုင်ဖို့ ခဲယဉ်းလို့ပါ။ ဘရန့်ဖို့ဒ်၊ နောဝစ်ချ်တို့လိုပဲ သူတို့ အတွက် ခက်ခဲပါလိမ့်မယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ စပါး 3-0 ဝက်ဖို့ဒ်

ဝုဗ် Vs မန်ယူနိုက်တက်

ပွဲချိန်။ ။ သြဂုတ် ၂၉ ရက်၊ တနင်္ဂနွေနေ့၊ ည ၁၀း၀၀ နာရီ။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆောက်သမ်တန်နဲ့ ပွဲတုန်းက ဒုတိယပိုင်းမှာ စိတ်ပျက်ဖွယ် ဖြစ်ခဲ့ပါတယ်။ အိုလေ က ကစားသမားတွေ အပြောင်းအလဲ လုပ်ပေမယ့် ဘာအစီအစဉ်မှ ရှိပုံ မပေါ်ပါဘူး။

ဘောလုံးမှာက ရာသီတိုင်း ပြောင်းလဲနေပါတယ်။ ထိပ်သီး လေးငါးသင်းမှာပဲ အသင်းတွေ ပြောင်းလဲနေတာကို ကြည့်ပါ။ ဒီခေတ်မှာ ကွင်းလယ်အထိုင် ကစားသမား နှစ်ယောက် သုံးဖို့ လိုတယ် ကျနော်တော့ မထင်ပါဘူး။ ဆိုးရှားက များသော အားဖြင့် ဖရက်နဲ့ တော်မီနေးကို တွဲ ပွဲထုတ်ပါတယ်။ ဆောက်သမ်တန်နဲ့ ပွဲမှာတော့ ဘရာဇီးသားကို မာတစ်နဲ့ တွဲပြီး ထုတ်လာခဲ့တာပါ။

ပေါ့ဘာကို ပိုပြီး ကြည့်လေ သူ့ကို ပိုပြီး လွတ်လွတ်လပ်လပ် ကစားသင့်တယ် တွေးမိလေပါပဲ။ ငယ်တုန်းက ကျောင်းမှာ ကစားကြတုန်းက ဆိုရင် ကွင်းထဲမှာ နေရာတိုင်း ရှိနေတဲ့ ထူးချွန်သူ တစ်ယောက် ရှိတတ်တယ်။ အဲဒီ ကစားသမားက လွှမ်းမိုးမှု အပြည့်နဲ့ ကွင်းထဲ သွားလာတတ်တာပါ။ အခု ပေါ့ဘာက အဲဒီလို ဖြစ်ဖို့ လိုနေပါတယ်။ သူတို့ ပေးပြီးသာ ကစားလိုက်စမ်းပါ၊ သူ့ဆီက ပိုတောင် ရလာလိမ့်မယ်။

ဝုဗ်က ဖွင့်ကစားတဲ့ ပွဲတွေဆိုရင် အခွင့်အရေးတချို့ ဖန်တီးနိုင်ပါတယ်၊ ဒါပေမယ့် ဂိုးသွင်းဖို့က လိုပါတယ်။ တကယ်လို့ သူတို့ ဖန်တီးနိုင်ပြီး လာဘ်လည်း ရှိတယ်ဆိုရင် အခြေအနေ တိုးတက်နိုင်မှာပါ။ သူတို့အသင်းမှာ ဂျီမီနက်ဇ် ပါနိုင်ရင်တော့ ဂိုးနဲ့ ပိုက်နဲ့ တွေ့နိုင်ပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ဝုဗ် 0-2 မန်ယူနိုက်တက်

အခြားပွဲစဉ်များအတွက် လော်ရိုး ခန့်မှန်းရလဒ်များ

  • Aston Villa 2-0 Brentford
  • Brighton 1-0 Everton
  • Newcastle 2-1 Southampton
  • Norwich 0-2 Leicester
  • West Ham 2-0 Crystal Palace
  • Burnley 0-2 Leeds