ကလော့ပ်နဲ့ လီဗာပူးအကြောင်းက နေရာတိုင်းမို့ စာကို ဖတ်မရဘူး အရွှန်းဖောက်လိုက်တဲ့ ဂွာဒီယိုလာ

စီးတီးမန်နေဂျာ ပက် ဂွာဒီယိုလာက လီဗာပူးတက္ကသိုလ်က ကျောင်းသားတွေကို ခန်းမထဲမှာ ဟောပြောနေစဉ် အားလပ်ချိန်တွေမှာ ဘာလုပ်ဖြစ်လဲ စာတွေဖတ်ဖြစ်လား မေးခွန်းအပေါ် ပြိုင်ဘက်အသင်း နည်းပြ ယာဂင်ကလော့ပ်အကြောင်း ဆွဲထည့်ပြီး အရွှန်းဖောက် ဖြေကြားသွားပါတယ်။

ဂွာဒီယိုလာက ပြိုင်ဘက် အသင်းမန်နေဂျာ အကြောင်းတွေကိုတော့ နည်းနည်းပါးပါး စိတ်ဝင်စား လေ့လာတယ်ဆိုတာတော့ ၀န်ခံတဲ့သဘောပါ။ ဂွာဒီယိုလာနဲ့ ကလော့ပ်ရဲ့ ယှဉ်ပြိုင်မှုက ယခု ပရီးမီးယားလိဂ်ကျမှ မဟုတ်ဘဲ ယခင် ၂၀၁၃ ဂွာဒီယိုလာက ဘိုင်ယန်မြူးနစ်၊ ကလော့ပ်က ဒေါ့မွန်ကို အသီးသီး တာဝန်ယူကြစဉ်တည်းက အပြိုင်အဆိုင် ရှိခဲ့ကြပါတယ်။

လီဗာပူးတက္ကသိုလ်က ပွဲတစ်ခုမှာ စကားပြောခဲ့တဲ့ ဂွာဒီယိုလာက အားလပ်ချိန်မှာ ဘာစာတွေဖတ်လဲလို့ ကျောင်းသားတွေက မေးတဲ့အခါ – “စာ မဖတ်တော့ဘူး။ တစ်ခုခု ကောက်ဖတ်လိုက်ရင် လီဗာပူးနဲ့ ကလော့ပ်အကြောင်းချည်းပဲ ဖြစ်ဖြစ်နေလို့ တင်းလာပြီ.. မဖတ်တော့ဘူး။” လို့ အရွှန်းဖောက်သွားတာပါ။

ဂွာဒီယိုလာက နည်းပြလောကထဲကို ၂၀၀၇ မှာ ဘာစီလိုနာ အရန်အသင်းကို စတင်ကိုင်တွယ်ရင်း ၀င်ရောက်လာခဲ့ကာ အဲဒီနောက် ဘာစီလိုနာအသင်းကြီးဆီ ရောက်ခဲ့တာပါ။ ဘာစီလိုနာနဲ့အတူ လေးရာသီအတွင်း လာလီဂါ ချန်ပီယံ ၃ကြိမ်၊ ချန်ပီယံလိဂ် ၂ကြိမ် ရခဲ့သည်အထိ ထူးချွန်ခဲ့ပါတယ်။

အဲဒီနောက် ဘိုင်ယန်ကို ရောက်တဲ့ချိန်မှာ ကလော့ပ်ရဲ့ ဒေါ့မွန်နဲ့ 2013-14 နဲ့ 2014-15 မှာ အမှတ်ပေးဖလားအတွက် အပြိုင်အဆိုင် ရှိခဲ့ကြတာပါ။ လက်ရှိ ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အဖြစ် လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ ကလော့ပ်ရဲ့ လီဗာပူးတို့ ရှိနေကြတာ ဖြစ်လို့ နည်းပြ နှစ်ဦးကြား မဆုံးနိုင်တဲ့ ရေစက်နဲ့ မရိုးနိုင်တဲ့ ပြိုင်ဆိုင်မှုကို ဂွာဒီယိုလာက သဘောကျနေပုံ ရပါတယ်။

Sports Home Time